MySport Myanmar

ကက်စီမဲရိုးကို ခေါ်ယူပေးဖို့ ဘက်ဆစ်တပ်စ်အသင်းထံ တောင်းဆိုထားတဲ့ ဆိုးလ်ရှား

တူရကီ စူပါလိဂ်ကလပ် ဘက်ဆစ်တပ်စ်အသင်းရဲ့ နည်းပြသစ်ဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ကစားသမား ကက်စီမဲရိုးကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။

အသက်(၅၁)နှစ်အရွယ် နော်ဝေသားဟာ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းလောက်က ယူနိုက်တက်နေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း တောက်လျှောက်ဆိုသလို အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး ကလပ်အသင်း တချို့နဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပေမယ့် ကိုင်တွယ်ခြင်း မရှိခဲ့ဘဲ ၂၀၂၅ နှစ်စပိုင်းမှသာ ဘက်ဆစ်တပ်စ်နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။

Photo Credit : France24

နည်းပြဘဝမှာ မိုလ်ဒီ ကာဒစ်နဲ့ ယူနိုက်တက်တို့ကိုသာ ကိုင်တွယ်ခဲ့ဖူးတဲ့ ဆိုးလ်ရှားဟာ အခုတော့ တူရကီကလပ်ရဲ့ head coach ဖြစ်လာခဲ့ပြီး သူရဲ့ ပွဲဦးထွက်မှာ ဘီလ်ဘာအိုလို ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲထဲ ရှုံးပွဲမရှိသေးတဲ့အသင်းကို ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူခဲ့ကာ တာထွက်လှပခဲ့ရပါတယ်။

ဒါပေမယ့် ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ အလန်ယာစပေါ်နဲ့ တူရကီလိဂ်ပွဲစဉ်မှာတော့ တစ်ဂိုးစီသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ဘက်ဆစ်တပ်စ်အသင်းမှာ အီမိုဘီလီ၊ ချိန်ဘာလိန်၊ ရာဖာ ဆေးလ်ဗား၊ ဂျာအို မာရီယိုနဲ့ ဂတ်ဆန် ဖာနန်ဒက်စ်တို့လို ကစားသမားကောင်းတွေ ရှိနေပြီး လက်ရှိ တူရကီလိဂ်မှာတော့ အဆင့်(၆)နေရာ ရှိနေပါတယ်။

Photo Credit : Haberler

ဘက်ဆစ်တပ်စ်အသင်းဟာ ဥရောပဝင်ခွင့်နေရာနဲ့ (၄)မှတ်သာ ကွာဟနေတော့သလို ယူရိုပါလိဂ်မှာလည်း နောက်ဆုံးပွဲ အနိုင်ရခဲ့မယ်ဆိုရင် ရှုံးထွက် ပလေးအော့အဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဆိုးလ်ရှားက အသင်းကို အားဖြည့်သွားဖို့အတွက် ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကက်စီမဲရိုးကို ခေါ်ယူချင်နေပါတယ်။

အသက်(၃၂)နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်မှာ (၆)ပွဲဆက်တိုက်အထိ ပွဲကစားခွင့်တွေ ပျောက်ဆုံးနေရပြီး အသင်းကွင်းလယ်မှာ နောက်ဆုံး ဦးစားပေးအဖြစ်ပါ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဆော်ဒီကလပ်တွေပါ စိတ်ဝင်စားနေတဲ့ ကက်စီမဲရိုးကို ဆိုးလ်ရှားက သူ့အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး အငှားကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းသွားနိုင်ဖွယ် ရှိနေပါတယ်။

 

 

Exit mobile version