မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလီဂန်နာဆိုးလ်ရှားက လာမယ့်ဘောလုံးရာသီအတွင်း ဒေးဗစ်ဒီဂီယာ ဆာဂျီယိုရိုမဲရိုးနဲ့ ရှက်ဖီးအသင်းကနေ အငှားစာချုပ် ပြည့်မြောက်သွားလို့ အသင်းဆီ ပြန်ရောက်လာတော့မယ့် ဒင်းဟန်ဒါဆန်တို့ (၃)ယောက်ထဲကမှ အသင်းရဲ့ဂိုးပေါက်ကို ဦးစားပေးတာဝန်ယူရမယ့် ဂိုးသမားတစ်ယောက်အဖြစ် ဘယ်သူ့ကို ရွေးချယ်သွားရမလဲဆိုတဲ့အပေါ်မှာ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချမှတ်လာရနိုင်ပြီး ဂိုးသမားတစ်ဦးကိုလည်း အသင်းကနေ လက်တွဲဖြုတ်သွားရနိုင်တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

Photo Credit : MSN

လတ်တလောအခြေအနေတွေအရ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အမှားအယွင်းတွေ ကျူးလွန်ထားမိခဲ့တဲ့ ဂိုးသမားဒီဂီယာထက် ရှက်ဖီးအသင်းမှာ လက်စွမ်းကောင်းတွေ ပြသထားခဲ့တဲ့ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကိုသာ ဦးစားပေးဂိုးသမားအဖြစ် ပြောင်းလဲသုံးစွဲလာနိုင်တာကြောင့် ဒီဂီယာရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ရပါတယ်။ အာဂျင်တီးနားဝါရင့်ဂိုးသမားကြီး ရိုမဲရိုးကလည်း ဟန်ဒါဆန် အသင်းကို ပြန်ရောက်လာတဲ့အခါ အသင်းရဲ့ဒုတိယဦးစားပေးကနေ တတိယဦးစားပေးအထိ သတ်မှတ်ခံရနိုင်ပြီး ပွဲထွက်ခွင့်တွေလည်း နည်းပါးလာနိုင်တဲ့အတွက် အသင်းနဲ့ လမ်းခွဲဖို့အထိကိုပါ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Goal

ဂိုးသမား(၃)ယောက်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “သူတို့အားလုံးကို အသင်းမှာ ဆက်လက်ရှိနေနိုင်အောင် ထိန်းသိမ်းရဖို့က ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်လာရနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရပါမယ်။ ကျွန်တော်က ကမ္ဘာပေါ်မှာ ဂိုးသမားကောင်းတွေကို ပိုင်ဆိုင်ထားရတဲ့ နည်းပြတစ်ယောက် ဖြစ်နေရတယ်လို့တောင် ထင်မိပါတယ်။ ဆာဂျီယို ဒေးဗစ် ဒင်းဟန်ဒါဆန်တို့ (၃)ယောက်လုံးက တကယ့်ကို ဂိုးသမားကောင်းတွေပါ။ ဆာဂျီယိုကလည်း အသင်းအတွက် ဘယ်လောက်တောင် အရေးပါတဲ့ ဂိုးသမားတစ်ယောက်လည်း ဖြစ်နေသလဲဆိုတာ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ မြင်တွေ့နိုင်သလို ဒေးဗစ်ကလည်း အသင်းအတွက် အမြဲတမ်းစွမ်းဆောင်ရည်ကောင်းနေတတ်တဲ့ ဂိုးသမားပဲလေ။ ဒီတော့ ဒီ(၃)ယောက်နဲ့ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကို စောင့်ကြည့်သွားရပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ဒီနေ့ည (၁)နာရီခွဲအချိန်မှာတော့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ပွဲထွက်ဂိုးသမားအဖြစ် ရိုမဲရိုးကိုပဲ ဆက်လက်အသုံးပြုလာနိုင်ပါတယ်။