မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဒုတိယပိုင်း ပွဲကစားချိ်န်အတွင်း လူစားဝင် ကစားဖို့အတွက် လေ့ကျင့်ခန်းဆင်းပြီး ပြင်ဆင်နေပေမယ့်လည်း လူစားဝင်ခွင့် မရရှိခဲ့တာကြောင့် ဒေါသပေါက်ကွဲခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို နည်းပြဆိုးလ်ရှားက သူ ကစားသမားဘဝတုန်းက အဖြစ်အပျက်တွေနဲ့ ခိုင်းနှိုင်းပြီး ဆုံးမစကားတွေ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

အသက်(၂၄)အရွှယ်ရှိ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ယူနိုက်တက်အသင်းကို မနှစ်က နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို ဒီရာသီမှာလည်း ပွဲကစားခွင့်တွေ အလွန်နည်းပါးလျက် ရှိနေရပါတယ်။ ဗန်ဒယ်ဘိခ်က ဗီလာရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း နည်းပြက ပါဝင်ကစားခွင့်ပေးရင် အဆင့်သင့် ဖြစ်နေစေဖို့အတွက် ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေပေမယ့် ဆိုးလ်ရှားက ဗန်ဒယ်ဘိခ်ထက် ဖရက်ကိုသာ ဝင်ကစားခိုင်းခဲ့တာကြောင့် ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်အပေါ် လက်မခံနိုင်တဲ့ ဗန်ဒယ်ဘိခ်က ဒေါသတကြီးနဲ့ကို တု့ံပြန်ပြုမှုသွားခဲ့ပါတယ်။

Photo Credit : Samachar Central

ဒီလို ပြုမှုခဲ့တဲ့ ဗန်ဒယ်ဘိခ်ရဲ့ အပြုအမှုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ကျွန်တော်က ကွင်းထဲမှာ အမြဲပါဝင်ကစားချင်နေတဲ့ နိုင်ငံတကာ ဘောလုံးသမားတွေ ယှဉ်ပြိုင်ကစားလိုစိတ် ပြင်းပြနေတဲ့ ကစားသမားတွေကို ကိုင်တွယ်နေရတာပါ။ ကစားသမားတိုင်းက ပါဝင်ကစားချင်နေကြတာပါပဲ။ ဒွန်နီလည်း ပါဝင်ကစားဖို့ အဆင့်သင့် ဖြစ်နေခဲ့တယ်။ ကျွန်တော်ကိုယ်တိုင် ဒီအသင်းမှာ တခြားကစားသမားတွေထက်ကို လူစားဝင် ကစားသမား ဖြစ်ခဲ့ဖူးသေးတာပဲလေ။ လူစားဝင်အဖြစ်နဲ့ မှတ်တမ်းတောင် ဝင်ထားရသေးတယ်။ ဒီလို ဖြစ်ရတဲ့အပေါ်မှာလည်း မပျော်ရွှင်မိတာမျိုးတွေ ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက်ပဲလေ။ တဲလက်စ်က ဘယ်ခြမ်းခံစစ်နေရာကနေ လူစားလဲလိုက်ရတော့ ဖရက်က သူနေရာမှာ အကောင်းဆုံး ကစားပြခဲ့တယ်။ ဒွန်နီ ပေါက်ကွဲခဲ့တဲ့အပေါ် ကျွန်တော်နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတိုင်းကတော့ ပါဝင်ကစားဖို့အတွက် ဆန္ဒရှိကြတာပဲလေ။ လူစားဝင်ဖို့ လိုအပ်တဲ့အချိန်မှာ ခြေစွမ်းပြနိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပြီးရင် ကစားခွင့်ရတဲ့အခါ ထုတ်ဖော်ပြသပေါ့။ ဒါက ဒွန်နီမှရယ် မဟုတ်ဘူး။ ကစားသမားအားလုံးကို ဆိုလိုတာပါ။ ဒွန်နီက အသင်းဖော်တွေအတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ မပေးနိုင်ပါဘူး။ တကယ်လို့ ကစားသမားတစ်ဦးက အသင်းအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ပေးနေမယ်ဆိုရင်လည်း ပြတ်ပြတ်သားသားပဲ ကိုင်တွယ်ဖြေရှင်းသွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။