အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ် ကစားသမား ဆိုကရက်တီကတော့ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် မရဘူးဆိုရင် စာချုပ်ထပ်တိုးဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြားသွားတာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာကတော့ ဒေးဗစ် လူးဝစ် နဲ့ မူစတာဖီတို့ကို ဗဟိုခံစစ်နေရာမှာ ပိုပြီး အသုံးချခဲ့တာကြောင့် ဆိုကရက်တီအနေနဲ့ ပွဲထွက်ခွင့် မရလာခဲ့တော့တာ ဖြစ်ပါတယ်။ ဆိုကရက်တီဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၅) ပွဲမှာ (၃) ပွဲကို သူ ကစားနေကျ နေရာမှာ မကစားရဘဲ ညာနောက်စွန် နေရာမှာ ကစားခဲ့ရတာကြောင့် မကျေနပ်တာ ဖြစ်နိုင်ပါတယ်။

Photo Credit: Dailymail

ဗဟိုနောက်ခံလူ ဆိုကရက်တီဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတည်းက ပရီးမီးယားလိဂ် ပွဲဦးထွက် စာရင်းမှာ မပါဝင်နိုင်ခဲ့တော့တာပဲ ဖြစ်ပါတယ်။ ဂရီနိုင်ငံသား ဆိုကရက်တီဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွေ့လာခဲ့ပြီး နောက်ရာသီကုန်အထိ စာချုပ် ကျန်ရှိနေသေးဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆိုကရက်တီကတော့ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် မရဘူးဆိုရင်၊ နည်းပြ အာတီတာက သဘောမကျဘူးဆိုရင် အသင်းက ထွက်သွားနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဆိုကရက်တီဟာ လာမယ့် ရာသီမှာ အာဆင်နယ်အသင်းက ထွက်သွားမလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကျွန်တော် မသိပါဘူး။ ကျွန်တော် အာဆင်နယ်အသင်းနဲ့ (၁) နှစ်ကြာ စာချုပ် ကျန်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က စာချုပ်ချုပ်ဖို့ ဘယ်တော့မှ အချိန်ဆွဲမှာ မဟုတ်ဘူး။ ကျွန်တော် ဂရုမစိုက်ပါဘူး။ တကယ်လို့ ကျွန်တော် မပျော်ဘူး၊ ပွဲထွက်ခွင့် မရဘူး၊ ဒါမှမဟုတ် နည်းပြက ကျွန်တော့်ကို မကြိုက်ဘူး ဆိုရင် ကျွန်တော် စာချုပ်အကြောင်းကို ဂရုမစိုက်ပါဘူး။ ကျွန်တော့်အတွက် ပိုက်ဆံက အရေးမကြီးပါဘူး။ ခံစားချက် ကောင်းဖို့ပဲ အရေးကြီးတာပါ။ ကျွန်တော် ပျော်ပြီး အသင်းက ကျွန်တော်နဲ့ အတူ ပျော်ဖို့ အရေးကြီးတာပါ။ မဟုတ်ရင်တော့ ကျွန်တော် တခြား လမ်းကို ရွေးပြီး အဆုံးသတ်သွားမှာပါပဲ။ ကျွန်တော် စာချုပ်အကြောင်းကို မတွေးပါဘူး။ ကျွန်တော် ပျော်ရွှင်ဖို့ပဲ နေ့တိုင်း တွေးတာပါ”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။