ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့မှာ ကစားခဲ့ဖူးသလို လက်ရှိအချိန်မှာ တူရကီကလပ် ဖီနာဘာချီမှာ ကစားနေတဲ့ မီဆွတ် အိုဇေးလ်ရဲ့ အေးဂျင့် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ စူပါအေးဂျင့် ဆိုဂတ်ကတော့ သူ့ရဲ့ ကစားသမားဟာ ဘောလုံးလောကရဲ့ မိုဟာမက် အလီပါလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် ကွင်းလယ်တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်က ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို သူ့ရဲ့ ပရဟိတ လုပ်ငန်းတွေကြောင့် ဘောလုံးပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Fot Mob

ဒါပေမယ့် မီဆွတ် အိုဇေးလ်က တရုတ်နိုင်ငံရဲ့ ယူဂါမွတ်စလင်တွေ အပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်တာကို သဘောမကျလို့ လူသိရှင်ကြား ဝေဖန်မှုတွေ လုပ်ခဲ့တာကြောင့် အာဆင်နယ်ကနေ ထွက်ခွာခဲ့ရသလို သူ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ ဖီနာဘာချီဆီ ပြောင်းရွှေ့ခဲ့ချိန်မှာလည်း တူရကီနိုင်ငံမှာ ရှိတဲ့ မတရားမှုတွေ ၊ အကျင့်ပျက်ခြစားမှုတွေကို ထုတ်ပြောခဲ့ပြန်တာကြောင့် လူတချို့ရဲ့ အမြင်မကြည်မှုတွေကို ခံနေရပါတယ်။

အိုဇေးလ်က မတရားမှုတွေကို လက်ပိုက် ကြည့်နေတတ်သူ တဦး မဟုတ်တာကြောင့် အမေရိကန်နိုင်ငံရဲ့ အတင်းအကျပ် စစ်မှုထမ်းဆောင်ခိုင်းတဲ့ ဥပဒေကို လူသိရှင်ကြား ဝေဖန်ခဲ့သလို ဖျက်သိမ်းရအောင်ပါ စွမ်းဆောင်နိုင်ခဲ့တဲ့ ဂန္တဝင် လက်ဝှေ့သမားကြီး မိုဟာမက် အလီနဲ့ ခိုင်းနှိုင်းခံနေရပြီး ဆိုဂတ်ကတော့ သူ့ရဲ့ ကစားသမားဟာ မိုဟာမက် အလီလို မြင့်မြတ်တဲ့ စိတ်ထား ရှိတဲ့ လူတယောက်ပါလို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Fot Mob

ဆိုဂတ်က – “အိုဇေးလ်က သူရဲကောင်း တဦးပါ။ ဘာကြောင့်လဲ ဆိုတော့ သူက လူအများစု ထုတ်မပြောရဲတဲ့ မတရားမှုတွေကို အမြဲတမ်း ထုတ်ပြောတတ်လို့ပါပဲ။ ကျွန်တော်ကတော့ “ကျေးဇူးပါ မီဆွတ်ရေ။ မင်းက လူတွေ ကြားသင့်တဲ့ စကားတွေကို ထုတ်ပြောနေတာပါ။ မင်းက ဘောလုံးလောကရဲ့ မိုဟာမက် အလီပါပဲ” လို့ အမြဲတမ်း ပြောလေ့ ရှိပါတယ်။ ပြီးတော့ အာဆင်နယ်နဲ့ ပတ်သတ်ပြီး ကျွန်‌တော်က အမှန်တရား တခုကို ထပ်ပြောပြချင်ပါတယ်။ အာဆင်နယ်က အမြဲတမ်း နိုင်ငံရေး ပြဿနာတွေနဲ့ မရင်ဆိုင်ရဲတဲ့ ကလပ်တခုပါ။ သူတို့က အမြဲတမ်း အရှုံးပေးနေလေ့ ရှိပါတယ်။ အခုဆိုရင် လူတွေက ယူဂါမွတ်စလင်တွေရဲ့ အ‌ရေးကို အာရုံစိုက်လာကြပါပြီ။ မီဆွတ် တယောက် အာဆင်နယ်မှာ ရှိနေတုန်းကဆိုရင် ယူဂါမွတ်စလင်တွေကို ကာကွယ်ပေးခဲ့လို့ အသင်းရဲ့ အကြီးအကဲတွေဆီကနေ ဆူပူ ကြိမ်းမောင်းတာတွေ ခံခဲ့ရပါတယ်” လို့ ထုတ်ဖော် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။