ရီးယဲလ် ဆိုစီဒက်အသင်းဟာ လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့့ စကော့တလန် ဘယ်နောက်ခံ ကစားသမား ကီရန် တီယားနေးကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားနိုင်ဖို့ အလွန်ကို နီးစပ်နေပြီပဲ ဖြစ်ပါတယ်။
ဆိုစီဒက်အသင်းက အာဆင်နယ်မှာ ပုံမှန် နေရာတစ်နေရာ ရရှိဖို့ ခဲယဉ်းနေရတဲ့ စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ တီယာနေးကို အခုလို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပြီး သဘောတူညီမှုလည်း ရရှိခဲ့ပြီလို့ ဒေးဗစ် အွန်စတိန်းက ဖော်ပြထားခဲ့ပါတယ်။
Photo Credit : The Athletic
အသက် (၂၆)နှစ်အရွယ်ရှိ စကော့တလန် လက်ရွေးစင် left-back player တီယာနေးဟာ စကော့ ထိပ်သီးကလပ် ဆဲလ်တစ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၉ခုနှစ်ကမှ အာဆင်နယ်အသင်းဆီ ပေါင် (၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။
တီယာနေးက အာဆင်နယ်အသင်းမှာ (၄)ရာသီအတွင်း ပွဲပေါင်း (၁၂၄)ပွဲအထိ ကစားပေးခဲ့ပြီး ဒူးဒဏ်ရာဆိုးကြီး ရရှိပြီးနောက်ပိုင်း တီယာနေးရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရကာ နောက်ဆုံးမှာတော့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : TEAMtalk
ဒီလို အခြေအနေမျိုး ရှိနေတဲ့ တီယာနေးကို ပရီးမီးယားလိဂ်က နယူးကာဆယ် အက်စတွန် ဗီလာတို့က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒီအသင်းတွေကိုကျော်ပြီး ဆိုစီဒက်က ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆိုစီဒက်အသင်းက တီယာနေးကို အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဒီ weekend မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဆိုစီဒက်က မန်ယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကိုလည်း အငှားနဲ့ ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပါသေးတယ်။