အင်တာမီလန်အသင်းနဲ့ နယ်သာလန်အသင်း တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တစ်ဦးအဖြစ် တင်စားခံထားရတဲ့ ရှနိုက်ဒါကတော့ တစ်ချိန် က သူနဲ့အတူ အင်တာမီလန်အသင်းမှာ ဖလား သုံးလုံး အောင်မြင်မှုကို ရယူနိုင်ခဲ့ဖူးတဲ့ စပါး အသင်းရဲ့ နည်းပြ မော်ရင်ဟိုအတွက် ဆိုရင် သူဟာ အသက်ပါ ပေးဆပ်ပြီး ကစားချင်ခဲ့တယ် လို့ ဆိုလာခဲ့ပါတယ်။ အသက်၃၆နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဝက်စလေ ရှနိုက်ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်ကမှ ဘောလုံးကစားခြင်း ကို ရပ်တန့်လိုက်သူ တစ်ဦး ဖြစ်ကာ ၂၀၀၉ – ၂၀၁၀ ဘောလုံးရာသီမှာ မော်ရင်ဟိုနဲ့အတူ အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ဖူးသူ ဖြစ်ကာ မော်ရင်ဟိုနဲ့အတူ တစ်နှစ်အတွင်းမှာ ဖလားသုံးလုံးအထိ ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

၂၀၀၉ ​- ၂၀၁၀ ဘောလုံးရာသီမှာ မော်ရင်ဟို ဦးဆောင်တဲ့ အင်တာမီလန်အသင်းဟာ အီတလီ စီးရီးအေဖလား ၊ အီတလီ ကိုပါအီတာလီယာ ဖလားနဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားတို့ကို ရယူ နိုင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလားသုံးလုံးကို ရယူနိုင်ခဲ့တဲ့ ပထမဦးဆုံး စီးရီးအေအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ အဆိုပါ ဘောလုံးရာသီဟာ ရှနိုက်ဒါ နဲ့ မော်ရင်ဟိုတို့ ပထမဦးဆုံး ပေါင်းစည်းခွင့်ရတဲ့ ရာသီတစ်ခု ဖြစ်ခဲ့သလို နောက်ဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သွားခဲ့ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ အင်တာမီလန်အသင်းနဲ့ ဖလားသုံးလုံး ရယူအပြီး နောက်ရာသီမှာပဲ မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို စွန့်ခွာပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့သွားခဲ့တာကြောင့်ပါပဲ။

Photo Credit: Metro

ရှနိုက်ဒါဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ တစ်ရာသီသာ ကစားခဲ့ရပေမယ့် မော်ရင်ဟိုကို အတော်လေး လေးစားသဘောကျသူ ဖြစ်ပြီး မော်ရင်ဟိုဟာ သူ့အပေါ် ဂရုစိုက်ခဲ့သလို သူဟာလည်း မော်ရင်ဟိုအတွက်ဆို သေဖို့ အဆင်သင့် ပဲ လို့ ဖွင့်ဟသွားခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ သူနဲ့ ကြားက ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ရှနိုက်ဒါ က ” သူသာ မရှိခဲ့ရင် ကျွန်တော်တို့ဟာ ဖလား အများကြီး ရခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပထမဦးဆုံး အိမ်ထောင်နဲ့ ရခဲ့တဲ့ သားလေးဟာ သူ့ရဲ့မိခင်နဲ့အတူ နယ်သာလန်မှာ ရှိနေခဲ့တဲ့ အချိန်မှာ ကျွန်တော်ကတော့ အီတလီမှာ ရှိနေခဲ့ရပါတယ်။ သုံးရက်ကို တစ်ပွဲနှုန်းလောက်နဲ့ နှစ်လလောက် ကစားပြီးတဲ့ အချိန်မှာတော့ အားလပ်ရက် ရခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ အဲ့ဒီ အချိန်မှာ ကျွန်တော်တို့ဟာ အသင်းမှာ ဆက်ရှိ နေပြီး လေ့ကျင့်မှုတွေ ပြုလုပ်ရမှာပါ။ ဒါပေမယ့် မော်ရင်ဟိုက ကျွန်တော်ဘယ်လို ခံစားနေရလဲဆိုတာ လာမေးပါတယ်။ ကျွန်တော်ကတော့ အေးဆေးပဲလို့ ပြန်ဖြေခဲ့တာပေါ့။ အဲ့ဒီအချိန်မှာ သူက ” မင်းရဲ့သားကို မင်းလွမ်းနေမယ်ဆိုတာ ငါ သိတယ်။ အခုပဲ သူ့ကို သွားတွေ့လိုက်တော့ ” ဆိုပြီး ပြောလာပါလေရော။ ဒါက အရမ်းကို သေးငယ်တဲ့ အကြောင်းအရာတစ်ခုလို့ ပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် နယ်သာလန်ကနေ ပြန်ရောက်လာ အပြီးမှာတော့ ကျွန်တော်က သူ့အတွက် သေဆိုရင်တောင် သေရဲသွားပါတယ် ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။