ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းကနေ အင်တာမီလန်အသင်း ထံကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ချီလီ တိုက်စစ်မှူး ဆန်းချက်ကို လာမယ့် ဘောလုံး ရာသီမှာ အသင်းကို ပြန်လည် ခေါ်ယူကာ နေရာ ပေးသွားဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အသက်၃၁နှစ်အရွယ် တောင်ပံတိုက်စစ် ကစားသမား ဆန်းချက်ဟာ မန်ယူအသင်းထံကို မဟာ ပြိုင်ဘက် အာဆင်နယ်အသင်းထံကနေ ပြောင်းရွှေ့လာတဲ့ ကစားသမားဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင်၄သိန်းဝန်းကျင်အထိ ရရှိနေပြီး မန်ယူ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဆန်းချက်ဟာ အာဆင်နယ်အသင်း ကနေ မန်ယူအသင်းကို ရောက်ရှိလာအပြီးမှာ ပုံမှန် ခြေစွမ်းကောင်းတွေ မပြသနိုင်သလို ဒဏ်ရာ ပြဿနာများစွာ ရရှိခဲ့တာကြောင့် အသင်းမှာ ပုံမှန်နေရာမရတော့ပဲ ခြေစွမ်းတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ ဆန်းချက် ဟာ ယခုနှစ် ဘောလုံးရာသီအစမှာ စီးရီးအေ ကလပ် အင်တာမီလန်အသင်းထံကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အင်တာမီလန်အသင်းအတွက် ကစားပေးနေစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့တာကြောင့် အချိန် ကြာမြင့်စွာ အနားယူခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆန်းချက်ရဲ့ အင်တာမီလန်ကစားသမား ဘဝဟာ အဆုံးသတ်ရဖို့ နီးစပ်နေပြီး အင်တာမီလန်အသင်းဟာ ဆန်းချက်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတော့ဘူးလို့ သိရပါတယ်။

Photo Credit: Standard

ဒီလိုအချိန်မှာ မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဝင် အများစုကလည်း ဆန်းချက်ကို အသင်းကနေ ရောင်းထုတ်ချင်နေကြပြီး ဆိုးလ်ရှားကတော့ ဆန်းချက်ကို သူ့ရဲ့အသင်းမှာ အခွင့်အရေးတစ်ခု ပေးသွားဖို့ ဆန္ဒရှိနေကာ ဆန်းချက်ကို မရောင်းဖို့အတွက် အသင်းရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ အက်ဝုဒ်ဝက်နဲ့ ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ မန်ချက်စတာ အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက်အရတော့ ဆိုးလ်ရှားရဲ့ ဆွေးနွေးမှုဟာ အောင်မြင်ခဲ့ပေမယ့် ဆန်းချက် အနေနဲ့ မန်ယူအသင်းထံမှာ ဆက်နေခွင့်ရဖို့ လုပ်ခလစာကို လျှော့ယူသွားရမယ်လို့ သိရှိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဆန်းချက်ဟာ မန်ယူအသင်းမှာ ဆက်လက် ကစားလိုပါက လက်ရှိ ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင်၄သိန်းရဲ့ တစ်ဝက် ဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်၂သိန်းကို လျှော့ယူရမှာ ဖြစ်ကြောင်း သိထားရပြီး ဆိုးလ်ရှားကတော့ အသင်းမှာ ဆက်လက် ကစားဖို့ ဆန်းချက်ကို စည်းရုံးသွားရဦးမယ်လို့ ဘောလုံးသုတေသီတွေက သုံးသပ် ပြောဆိုထားကြပါတယ်။