MySport Myanmar

ပေါင်ခြံဒဏ်ရာကို ခွဲစိတ်အပြီး အနည်းဆုံး (၂)လခန့် နားရတော့မယ့် စမစ်ရိုး

အာဆင်နယ်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမား စမစ်ရိုးဟာ သူရဲ့ပေါင်ခြံဒဏ်ရာကို ခွဲစိတ်မှု ခံယူသွားဖို့ ဆုံးဖြတ်လိုက်ပြီး ခွစိတ်မှုကို ပြုလုပ်လိုက်ပြီးချိန်မှာတော့ ဘောလုံးကစားခြင်းကနေ အနည်းဆုံး (၂)လနီးပါးလောက် အနားယူသွားရတော့မယ်လို့ သိရပါတယ်။

Photo Credit : Arsenal

အသက်(၂၂)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုးဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲသာ ပါဝင်ကစားထားရပြီး အဲ့ဒီ(၄)ပွဲမှာလည်း စုစုပေါင်း (၄၇)မိနစ်သာ ကစားထားခဲ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ဖော်ပြချက်တွေအရတော့ စမစ်ရိုးဟာ သူရဲ့ပေါင်ခြံမှာ မသက်မသာ ခံစားနေရတာကြောင့် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေမှာရော ပွဲစဉ်တွေမှာပါ အကန့်အသတ်တွေနဲ့ ပါဝင်ခဲ့ရတာဖြစ်ပြီး စက်တင်ဘာ(၄)ရက်နေ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရင်းနဲ့ သူရဲ့ပေါင်ခြံအခြေအနေက ပိုဆိုးလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : Football London

 

အဲ့ဒီပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်တွေနဲ့ ကျွမ်းကျင်သူတွေက စမစ်ရိုး ပေါင်ခြံရှိ ပျက်ဆီးနေတဲ့ အရွတ်ကို ပြုပြင်သွားဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ အခုတော့ ဒီခွဲစိတ်မှုက အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး စမစ်ရိုးအနေနဲ့လည်း လာမယ့် ဒီဇင်ဘာလမှသာ လေ့ကျင့်ခန်း အစီအစဉ်တွေကို အပြည့်အဝ စတင် လုပ်ဆောင်နိုင်မယ်လို့ အာဆင်နယ်ဘက်က ထုတ်ပြန်လာခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ကတော့ ဒီရာသီမှာ ကွင်းလယ်တိုက်စစ်နေရာအတွက် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ကိုသာ ပုံမှန် ကစားခွင့်ပေးနေသလို သူ့နေရာမှာ အစားဝင်နိုင်မယ့် ကစားသမားသစ် ဗီဟေရာလည်း ရှိနေတာကြောင့် စမစ်ရိုးရဲ့ ဒဏ်ရာအခြေအနေက အသင်းအတွက် နစ်နာစရာ မရှိနိုင်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ကမ္ဘာ့ဖလားနီးခါမှ ဒဏ်ရာရသွားတဲ့အပြင် ဒီဇင်ဘာအထိပါ အနားယူရတော့မှာလည်းဖြစ်လို့ ကာတာကမ္ဘာ့ဖလားကို သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ စမစ်ရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၃၇)ပွဲစီ ပါဝင်ကစားပေးနိုင်ခဲ့ပြီး မနှစ်ကရာသီမှာတော့ (၃၇)ပွဲအတွင်း စုစုပေါင်းသွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version