ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီ ကတော့ သူဟာ အာဆင်နယ်အသင်းရဲ့ လူငယ်အသင်းမှာ ကစားနေတုန်းက မြို့ခံပြိုင်ဘက် စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ပူပူနွေးနွေး အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား စမစ်ရိုဝီဟာ ငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့သူ ဖြစ်သလို အာဆင်နယ်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

စမစ်ရိုဝီဟာ အသက် ၁၀နှစ် အရွယ်ထဲက အာဆင်နယ်အသင်းရဲ့ လူငယ် စီမံကိန်းထဲ ရောက်ရှိခဲ့ကာ အသင်းရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို သူ့ရဲ့ လုပ်အားနှုန်း ကောင်းမွန်ကာ ထူးခြားတဲ့ ကစားဟန်ကြောင့် ဥရောပ အသင်းကြီး အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ စမစ်ရိုဝီဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားနိုင်သလို အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေပြီး ယခုနှစ် ဘောလုံးရာသီမှာ ၁၃ပွဲ ပါဝင် ကစားခွင့် ရထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

အာဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျတဲ့ သွင်းဂိုးတွေကို သွင်းယူပေးထားနိုင်တဲ့ စမစ်ရိုဝီက သူဟာ ငယ်စဉ်တုန်းက အာဆင်နယ်အသင်းရဲ့ ခါးသီး မြို့ခံပြိုင်ဘက် စပါးအသင်းဆီ သွားရောက်နိုင်မယ့် အခွင့်အရေး တခု ရခဲ့ပေမယ် အာဆင်နယ်အသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တာကြောင့် စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။

စမစ်ရိုဝီက – “ ကျွန်တော် အသက် ၁၅နှစ် ၊ ၁၆နှစ် အရွယ်မှာ စပါးအသင်းက ကျွန်တော့်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တဲ့ ကျွန်တော်က စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ကျွန်တော် အာဆင်နယ်အသင်းဆီ အသက် ၁၀နှစ် အရွယ်ထဲက ရောက်ခဲ့တာပါ။ အဲ့ဒီအချိန်ထဲက ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ရှိနေတဲ့ ရည်ရွယ်ချက်က အာဆင်နယ်အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူဖို့ပါပဲ” လို့ ပြောကြားခဲ့တာပါ။