ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရိုးမားအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့့ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်နောက်ခံကစားသမား ခရစ်စမောလင်းကို ရိုးမားအသင်းဘက်ကနေ အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးထိ ပေးချေနိုင်ခဲ့ခြင်းမရှိလို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရကာ စမောလင်းလည်း ယူနိုက်တက်ဆီ ပြန်လာရတော့မှာဖြစ်ပါတယ်။

Photo Credit : Metro

အသက်(၃၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဗဟိုနောက်ခံကစားသမားစမောလင်းဟာ ယူနိုက်တက်အသင်းဆီကို ဟယ်ရီမက်ဂွိုင်းယားရောက်ရှိလာပြီးနောက် အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးတော့မှာ သေချာနေတဲ့အတွက် ရိုးမားအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီိး ရိုးမားမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်လို့ သူ့ကို စီးရီိးအေရဲ့ဂန္တဝင်နောက်ခံလူကြီး မာလ်ဒီနီပါ ခိုင်းနှိုင်းကာ စမောဒီနီလို့ပါ တင်စားခေါ်ဆိုခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ရိုးမားအသင်းဘက်ကနေ စမောလင်းကို အပြီးသတ်ခေါ်ယူချင်နေပြီး ခေါ်ယူနိုင်ဖို့ကိုလည်း ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Photo Credit : Daily Mail

ရိုးမားနဲ့ ယူနိုက်တက်အသင်းတို့ဟာ စမောလင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လအတန်ကြာအထိ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့်လည်း ယူနိုက်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းကို ပေးချေဖို့ ရိုးမားဘက်က ကြန့်ကြာနေခဲ့တဲ့အတွက် အပြောင်းအရွှေ့က အပြီးမသတ်နိုင်ခဲ့ပဲ အခု စီးရီးအေဘောလုံးရာသီ ပြီးဆုံးသွားချိန်မှာ အငှားသက်တမ်းပါ ကုန်ဆုံးသွားခဲ့လို့ သူရဲ့မူရင်းကလပ် ယူနိုက်တက်ဆီ ပြန်သွားရတော့မှာဖြစ်ပါတယ်။ အခုလို အသင်းရဲ့အမာခံကစားသမားတစ်ယောက်ကို လာမယ့်တစ်ပတ်မှာ ကစားသွားရတော့မယ့် ယူရိုပါလိဂ်ပွဲမတိုင်ခင် အသင်းကနေ လက်လွတ်လိုက်ရတဲ့အတွက် ရိုးမားဘက်မှာ နစ်နာစရာတွေ ဖြစ်လာနိုင်ပြီး စမောလင်းကတော့ ယူနိုက်တက်နဲ့ မပူးပေါင်းချင်တော့ပဲ အသင်းပြောင်းဖို့ကိုပဲ ဆန္ဒရှိလို့နေပါတယ်။ တစ်ခါမှ မကျင်လည်ခဲ့ဖူးသေးတဲ့ အီတလီစီးရီးအေပြိုင်ပွဲမှာ မထင်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ စမောလင်းကို အငှားနဲ့ခေါ်ယူထားတဲ့ ရိုးမားအသင်းအပြင် အင်တာမီလန် ဂျုဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ရိုးမာအသင်းကတော့ နောက်ထပ်တစ်ရာသီလောက် အငှားနဲ့ခေါ်ယူနိုင်ဖို့ကိုသာ ပစ်မှတ်ထားနေပါတယ်။ ၂၀၁၁ခုနှစ်ကမှ ယူနိုက်တက်ကို ဖူလ်ဟမ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စမောလင်းဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း(၂)နှစ်အထိ ကျန်ရှိနေသေးသူလည်းဖြစ်ပါတယ်။