ရိုးမားအသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ခရစ်စမောလင်းဟာ သောကြာနေ့ မနက်အစောပိုင်းလောက်က အီတလီနိုင်ငံ ရောမမြို့မှာ တည်ရှိတဲ့ သူရဲ့နေအိမ်မှာ မိသားစုတွေနဲ့အတူ အိပ်မောကျနေတုန်း သေနတ်ကိုင်ဆောင်ထားတဲ့ လူစိမ်း(၃)ယောက်က နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်မှုပြုလုပ်ကာ စမောလင်းတို့ မိသားစု ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ ငွေသားတွေကို လုယက်ယူဆောင်သွားခဲ့တယ်လို့ အီတလီသတင်းစာတွေမှာ ဖော်ပြလာပါတယ်။

Photo Credit : Metro

အသက် (၃၁)နှစ်အရွယ်ရှိ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း စမောလင်းဟာ ဒူးဒဏ်ရာ ခံစားနေရတာကြောင့် မတ်လအစပိုင်းလောက်ကတည်းကနေ အနားယူနေရတာဖြစ်ပြီး သောကြာနေ့ မနက်အစောပိုင်းမှာလည်း နေအိမ်မှာ အိပ်ပျော်နေတုန်း ဓားမြတိုက် လုယက်မှုတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့လိုက်ရပြီး မီးခံသေတ္တာထဲက Rolex နာရီများ ရတနာပစ္စည်းများနဲ့ ငွေသား ယူရို(၃၀၀)ကိုပါ လုယက်ခံလိုက်ရပါတယ်။ စမောလင်းရဲ့ ဇနီးဖြစ်သူကတော့ မနက်(၅)နာရီခန့်မှာ ရဲစခန်းကို လှမ်းတိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်း အဆိုပါ လုယက်မှုနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အီတလီစီးရီးအေပြိုင်ပွဲဆီကို စတင်ရောက်ရှိလာခဲ့တဲ့ စမောလင်းဟာ ရိုးမားအသင်းမှာ ခြေစွမ်းပြသခဲ့တာကြောင့် ယူနိုက်တက်ကနေ ရိုးမားဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့ရတာဖြစ်သလို အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးအဖြစ်နဲ့လည်း သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် စမောလင်းဟာ ဒူးဒဏ်ရာ ခံစားနေရတာကြောင့် အသင်းရဲ့ စီးရီးအေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့အပြင် အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာပါ ပါဝင်ကစားနိုင်ဖို့ မသေမချာ ဖြစ်နေရပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာပဲ နေအိမ်အတွင်း ဝင်ရောက်ဓါးမြတိုက်ခံလိုက်ရတာကြောင့် စိတ်ဓါတ်ကျနေရတယ်လို့ စမောလင်းက ထုတ်ပြန်ထားပါတယ်။ စမောလင်းလိုပဲ သူရဲ့ရိုးမားအသင်း ဖွန်ဆီကာမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရောမမြို့ရှိ နေအိမ်အဖောက်ခံခဲ့ရပြီး တန်ဖိုးကြီးပစ္စည်းတွေ အခိုးခံခဲ့ရပါသေးတယ်။ ရိုးမားနဲ့ ရောမမြို့ခံ ကလပ်အသင်းဖြစ်တဲ့ လာဇီယိုအသင်းရဲ့ တိုက်စစ်ကစားသမား ကော်ရီရာဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းလောက်ပဲ ရောမမြို့ရှိတဲ့ သူရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရပါသေးတယ်။