မကြာသေးမီကမှ လီဗာပူးရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံထားရတဲ့ အာနီ ဆလော့တ်က သူ့ရဲ့ လီဗာပူးနည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှု အဖြစ် ဖီယင်နုမှာ လက်တွဲခဲ့ဖူးတဲ့ ဂမ်ဘီယာ လူငယ်ကြယ်ပွင့် မင်တက်ရှ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဂမ်ဘီယာ လူငယ်ကြယ်ပွင့် မင်တက်ရှ်က ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ရဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ နယူးကာဆယ် ကနေ ဆလော့တ်ရဲ့ ဖီယင်နုထံ ၁ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Standard

မင်တက်ရှ်က ညာတောင်ပံနေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဘယ်တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိကာ သူဟာ အာနီ ဆလော့တ်ရဲ့ ဖီယင်နုမှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

မင်တက်ရှ်က ဖီယင်နုအတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ နယူးကာဆယ်က မင်တက်ရှ်ကို ရာသီသစ်မှာ သူတို့အတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ အာနီ ဆလော့တ်က သူ့ရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ မင်တက်ရှ်ကို လီဗာပူးဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နယူးကာဆယ်ကလည်း ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံနေရတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် ရရင် မင်တက်ရှ်ကို လက်လွှတ်နိုင်တယ်လို့ သိရပါတယ်။

အာနီ ဆလော့တ်က မင်တက်ရှ်ရဲ့ ခြေစွမ်းနဲ့ အလားအလာကို ကောင်းကောင်းကြီး သိထားတာကြောင့် လီဗာပူးဆီ မရရအောင် ခေါ်ယူချင်နေသလို မင်တက်ရှ်ကလည်း လီဗာပူးဆီ ပြောင်းရွှေ့ကာ အာနီ ဆလော့တ်နဲ့ ပြန်လည် ပေါင်းစည်းဖို့ စိတ်ဝင်စားနေကြောင်း ဖီယင်နုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။