MySport Myanmar

သရေရလဒ်အပေါ် စိတ်အပျက်ဆုံး ဖြစ်နေမယ့် ကစားသမားတစ်ဦး ရှိနေတယ်လို့ စလော့ ဆို

မနေ့ညက ဗီလာပါ့ခ်ကွင်းမှာ အက်စတွန် ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရလဒ် အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးမှာတော့ တစ်ဖက် (၂)ဂိုးစီသရေနဲ့ အဆုံးသတ်သွားခဲ့ရကာ လီဗာပူးလ်ကလည်း အဆင့်(၂)က အာဆင်နယ်ထက် (၁)ပွဲပိုကစား (၈)မှတ်အသာ ဖြစ်သွားခဲ့ပါတယ်။

ဒီပွဲမှာ မိုဟာမက် ဆာလာက ဗီလာခံစစ်ရဲ့ အမှားကနေ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် တီလေမန်းစ်က ဗီလာအတွက် ချေပဂိုးနဲ့ ဝက်ကင်းစ်ကလည်း ပထမပိုင်း ပြီးခါနီးမှာ ဦးဆောင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာနိုးက တိုက်စစ်ကို လိုက်လာခဲ့ရင်း ဆာလာရဲ့ ဖန်တီးမှုကနေ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

Photo Credit : Reuters

အာနိုး ချေပဂိုးသွင်းယူအပြီး သိပ်မကြာခင်မှာပဲ နည်းပြစလော့က ကစားသမား အပြောင်းအလဲအဖြစ် ဒါဝင် နူးညက်ဇ်နဲ့ ကော်နာ ဘရက်ဒလေတို့ကို လူစားဝင် ကစားစေခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ တိုက်စစ်ကစားသမား နူးညက်ဇ်က ပြန်လည် ဦးဆောင်လို့ ရနိုင်မယ့် အခွင့်အရေးကောင်းကို ရခဲ့ပေမယ့် ထုံးစံအတိုင်း ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

ပွဲရဲ့ နောက်ပိုင်းမိနစ်တွေမှာ ဗီလာက အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် နူးညက်ဇ်သာ အခွင့်အရေးကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ပွဲတစ်ပွဲလုံးရဲ့ ရလဒ်က အလှည့်အပြောင်း ဖြစ်သွားနိုင်လောက်ပါတယ်။ ပွဲအပြီးမှာတော့ စလော့က “ဘရက်ဒကေ မယုံနိုင်လောက်အောင် ပေးပို့လိုက်တာ။ ဆိုဘော့ဇ်ဆလိုင်းကလည်း အားပါးပြေးပြီး ဂိုးပေါက်ကို ဖွင့်ပေးဖို့အတွက် ဘေးကို ပေးလိုက်တာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒါဝင်က အဲဒီလို မကန်နိုင်ခဲ့ဘူး။”

Photo Credit : Goal

“ညာခြေနဲ့ ကန်တာဆိုပေမယ့် ဒါဟာ ကြီးမားတဲ့ အခွင့်အရေးပဲ။ နောက်တစ်ခါ အခွင့်အရေးရဖို့ မျှော်လင့်ခဲ့တာ။ ကျွန်တော်တို့အားလုံး စိတ်ပျက်ခဲ့ကြပါတယ်။ ဒီလို ကစားသမားတစ်ယောက်က ပိုပြီး စိတ်ပျက်နေတာက သဘာဝကျပါတယ်။ အဝတ်လဲခန်းထဲမှာ ကစားသမား တစ်ယောက်တော့ စိတ်ပျက်နေတာ သေချာပါတယ်။ ဘယ်သူလဲဆိုတာ သင်လည်း သိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဒီပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အာဆင်နယ်အသင်းကို (၁၀)မှတ်အထိ ဖြတ်တောက်ထားနိုင်မှာ ဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်း လီဗာပူးလ်ရဲ့ ကစားအားက တဖြည်းဖြည်း ကျဆင်းလာခဲ့ရသလို လာမယ့် တနင်္ဂနွေနေ့မှာလည်း မန်စီးတီးကို အီတီဟတ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲမှာပါ ခက်ခဲရဖွယ် ရှိနေပါတယ်။

Exit mobile version