လီဗာပူးလ်အသင်း နည်းပြ အာနာ ဆလော့က သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ရယူဖု့အတွက် အဝေးကွင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေကို ဆက်တိုက် ရယူနိုင်ဖို့က အဓိက အရေးကြီးတဲ့ အချက်တွေထဲမှာ ပါဝင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ဆလော့ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိ ဘောလုံးရာသီထဲ အစ်ဝစ်ချ် မန်ယူနိုက်တက် ဝုလ်ဗ်တို့နဲ့ အဝေးကွင်း (၃)ပွဲ ကစားထားပြီးချိန်မှာ ပွဲတိုင်းကို အနိုင်ရထားခဲ့ပြီး ပေးဂိုးလည်း တစ်ဂိုးတည်းသာ ရှိခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ လီဗာပူးလ်က အဝေးကွင်း (၁၉)ပွဲမှာ နိုင်ပွဲက (၉)ပွဲသာ ရခဲ့ပြီး (၇)ပွဲသရေကျကာ (၃)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
Photo Credit : Goal
ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်ရဲ့ အဝေးကွင်းရလဒ်က သိပ်အားရစရာ ရှိမနေဘဲ အဝေးကွင်းနိုင်ပွဲ အရေအတွက်က အာဆင်နယ်ထက် (၄)ပွဲနဲ့ မန်စီးတီးထက် (၅)ပွဲအထိတောင် လျော့နည်းခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးလ်က ပြီးခဲ့တဲ့ ရာသီမှာ အိမ်ကွင်းရလဒ်တော့ အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အခုလည်း လီဗာပူးလ်က Selhurst Park မှာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး အဝေးကွင်း form ကောင်းနေဖို့ အရေးကြီးကြောင်းကို နည်းပြဆလော့က “အချက်အလက် ရှုထောင့်ကနေ ရိုးရိုးရှင်းရှင်း ကြည့်မယ်ဆိုရင် မန်စီးတီးနဲ့ ကျွန်တော်တို့တွေ အဝေးကွင်းရမှတ် (၁၀)မှတ်အထိ ကွာဟနေခဲ့ပါတယ်။”
Photo Credit : Goal
“ဒါကြောင့် ဒါက ကျွန်တော်တို့အသင်း တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အရာတစ်ခုလို့ ကျွန်တော် ထင်မိပါတယ်။ ဒါကြောင့် အိမ်ကွင်းပွဲတွေသာမကညဲ အဝေးကွင်းတွေမှာလည်း ပွဲတိုင်းကို ထိန်းချုပ်နိုင်ဖို့ အရမ်း အရေးကြီးပါတယ်။”
“အဝေးကွင်း ပွဲစဉ်တွေမှာ လုံးဝ အသာစီးရအောင် ကစားနိုင်ရမယ်။ ဒါကြောင့်လည်း Molineux ကွင်းမှာ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ ပထမပိုင်း မိနစ်(၂၀)လောက်မှာ ကျွန်တော် မပျော်မရွှင် ဖြစ်ခဲ့ရတာ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ဒီရာသီမှာ နော်တင်ဟမ်ကို အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲတည်းသာ ရှုံးပွဲတွေ့ထားခဲ့ပြီး ကျန်တဲ့ ပြိုင်ပွဲစုံ (၈)ပွဲလုံးကိုတော့ အနိုင်ရထားခဲ့ပါတယ်။