MySport Myanmar

ဗီလာနဲ့ မရင်ဆိုင်ရခင် ရပ်ရှ်ဖို့ဒ်ရဲ့ အရည်အသွေးတွေကို ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ စလော့

လီဗာပူးလ်နည်းပြ အာနယ် စလော့က ဒီနေ့ည အက်စတွန် ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ပွဲစဉ်မတိုင်ခင် ဗီလာအသင်းက တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ကစားသမားရဲ့ အရည်အသွေးတွေကို ချီးမွမ်းပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက လာမယ့် မတ်လထဲမှာပဲ နယူးကာဆယ်နဲ့အတူ ခါရာဘောင် လိဂ်ဖလား ဖိုင်နယ်ပွဲစဉ်ကို ကစားရဖို့ ရှိနေတာကြောင့် အခုကြားရက်ထဲမှာ ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)ကို ကြိုတင် ယှဉ်ပြိုင်ရတာ ဖြစ်သလို တကယ်လို့ ဒီပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အဆင့်(၂)က အာဆင်နယ်ကိုပါ (၁၀)မှတ်ထိ အမှတ်ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

လီဗာပူးလ်က ဗီလာကို အန်ဖီးလ်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပေမယ့် ဗီလာပါ့ခ်မှာကတော့ အနည်းငယ် ခက်ခဲနိုင်ပြီး ဗီလာမှာလည်း လီဗာပူးလ်ကို ဒုက္ခပေးနေကြ ကစားသမားဖြစ်တဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်လည်း ပါဝင်နေပါတယ်။ ရပ်ရှ်ဖို့ဒ်က ဒီဆောင်းဈေးကွက်ကမှ မန်ချက်စတာ ယူနိုက်တက်ကနေ ဗီလာအသင်းဆီ အငှားနဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် ကစားသမားအဖြစ် လီဗာပူးလ်နဲ့ ရင်ဆိုင်ရချိန် လီဗာပူးလ်ဘက်ကို (၇)ဂိုးအထိ သွင်းယူခဲ့ဖူးပြီး အခုပွဲမှာလည်း ဗီလာအတွက် ပွဲထွက်ကစားသမားအဖြစ်ပါ ကစားရဖွယ် ရှိနေပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ စလော့က “မားကပ်စ် ရရှ်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ်ကို စောင့်ကြည့်ရင်း သိထားပြီးသားပါ။”

Photo Credit : TEAMtalk

“ဒါပေမယ့် သူ့ကို တကယ်တမ်း ပထမဆုံးတွေ့ခဲ့တာက အမေရိကန် ရာသီကြို ခရီးစဉ်မှာပါ။ သူ့ရဲ့ အမြန်နှုန်းကို မြင်ပြီး အရမ်းအထင်ကြီးမိသွားတယ်။ အရပ်လည်း ရှည်တယ်။ ဘောလုံးကိုင်တွယ်တာလည်း ကောင်းတယ်။ အရမ်းကောင်းတဲ့ ကစားသမားပါ။ ဗီလာမှာလည်း အခုလို ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

“ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ မဟုတ်ဘူး။ ဒီလို ကစားသမားမျိုးက နောက်လတွေမှာ သူ့ရဲ့ အရည်အသွေးကို မပြသဘူးဆိုရင် ကျွန်တော် အံ့သြမိမှာပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဗီလာအတွက် စပါးနဲ့ အက်ဖ်အေဖလားပွဲ အစ်ဝစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ လူစားဝင် ကစားသမားအဖြစ်သာ ကစားထားရသေးပြီး ခုထိတော့ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မလုပ်ဆောင်ထားရသေးဘဲ ရှိနေပါတယ်။

Exit mobile version