လီဗာပူးလ်အသင်းရဲ့ နည်းပြသစ် အာနာ ဆလော့ကတော့ လီဗာပူးလ်နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်တောင် မရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ပြခဲ့ပေမယ့် သူ့အသင်းက တိုးတက်ကောင်းမွန်ဖို့ လိုအပ်နေသေးတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို အောင်မြင်မှုတွေ များစွာ ရယူပေးခဲ့တဲ့ ဂျာမနီလူမျိုး နည်းပြကြီး ကလော့ပ်နေရာကို အစားထိုး ဝင်ရောက်လာခဲ့တဲ့ ဖိုင်ယင်နော့ နည်းပြဟောင်း ဆလော့ဟာ ဘယ်သူမှ မထင်ထားလောက်အောင် လီဗာပူးလ်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်လို့နေပြီး ရလဒ်တွေလည်း တောက်လျှောက် ကောင်းမွန်လို့နေပါတယ်။

Photo Credit : Liverpool News

အခုဆိုရင် အောက်တိုဘာလဆန်းပိုင်းအထိ လီဗာပူးလ်အသင်းက ပြိုင်ပွဲစုံ (၉)ပွဲထိ ကစားထားပြီးချိန်မှာ နော်တင်ဟမ် ဖောရက်စ် တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားရပြီး အစ်ဝစ်ချ် ဘရန့်ဖို့ဒ် မန်ယူနိုက်တက် အေစီမီလန် ဘုန်းမောက် ဝက်စ်ဟမ်း ဝုလ်ဗ်နဲ့ ဘိုလော့ဂ်နာတို့ကိုတော့ အနိုင်ယူထားခဲ့ပါတယ်။

ဒီလို အဖွင့် (၉)ပွဲမှာ (၈)ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်တာက လီဗာပူးလ်နည်းပြတွေထဲ ဆလော့တစ်ဦးတည်းသာ ရှိနေသေးပြီး နည်းပြဟောင်းကြီး ကလော့ပ်တောင် ဒီလို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဆလော့ကတော့ သူ့အသင်းက ဒီထက် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိဖို့အတွက် လိုအပ်နေသေးတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : CNN

“လုံးဝ ပြီးပြည့်စုံတဲ့ အဆင့်ထိ ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအဆင့်ထိ ရောက်ရှိဖို့အတွက် အမြဲတမ်း ရည်မှန်းထားရမှာ ဆိုပေမယ့် အဲ့ဒီထိတော့ လုံးဝ မရောက်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီထက်မက တိုးတက်လာနိုင်တယ်။ တိုးတက်ဖို့လည်း လိုသေးတယ်။ ဒီညပွဲနဲ့ တခြားသောပွဲတွေမှာ အပြုသဘောဆောင်တာတွေ ရှိခဲ့ပေမယ့် ဒီပွဲမှာပဲ ကျွန်တော်တို့ ထိန်းချုပ်လို့ မရတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။”

“ကျွန်တော့်ကို လူတွေက ပထမဆုံး (၉)ပွဲမှာ (၈)ပွဲထိ အနိုင်ရခဲ့တဲ့ နည်းပြဆိုပြီးသာ မမှတ်မိနေဖို့ မျှော်လင့်ပါတယ်။ အရမ်းကောင်းမွန်တဲ့ နည်းပြတွေက ဒီကို ရောက်လာပြီး အံ့အားသင့်စရာ အောင်မြင်မှုတွေ ရယူပေးခဲ့ကြတာ။ ကျွန်တော်လည်း ဒီနည်းပြတွေလို ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဆလော့က ပြောဆိုသွားခဲ့ပါတယ်။