လီဗာပူးလ်အသင်းနည်းပြ အာနယ် ဆလော့က လိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာကို ဒုတိယပိုင်း ပွဲကစားချိန်အတွင်း လူစားလဲလိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

ဂျာမနီမြေမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လိုက်ပ်ဇစ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် league phase ပွဲစဉ်မှာ လီဗာပူးလ်ရဲ့ အဓိက ကစားသမား မိုဆာလာက ဒါဝင် နူးညက်ဇ် သွင်းဂိုးအတွက် ဂိုးဖန်တီးမှု လုပ်ဆောင်ပေးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် (၆၃)မိနစ်မှာပဲ လူးဝစ် ဒီးယက်ဇ်နဲ့ လူစားလဲခံလိုက်ရပါတယ်။

Photo Credit : Rousing The Kop

အီဂျစ် တောင်ပံကစားသမားကြီး ဆာလာဟာ ချယ်လ်ဆီးကို အနိုင်ရတဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ လုပ်ဆောင်နိုင်ခဲ့သလို အခု လိုက်ပ်ဇစ်နဲ့ပွဲမှာပါ အသင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးအတွက် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း လူစားလဲခံလိုက်ရတဲ့အပေါ် ဆာလာကိုယ်တိုင်ပါ မနှစ်မသက် ဖြစ်နေရပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်နည်းပြ ဆလော့ကတော့ သူဒီလို လုပ်ဆောင်ရတာဟာ အသင်းရဲ့ ပွဲကျပ်အခြေအနေတွေကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်တို့က ခက်ခဲကျပ်တည်းတဲ့ ပွဲစဉ်ဇယားတွေနဲ့ ရင်ဆိုင်နေရတယ်။ ကာတစ်ဂျုံးစ်ဆိုရင်လည်း အတူတူပဲ။ သူလည်း မိနစ်(၉၀)ပြည့်အောင် မကစားနိုင်သေးပါဘူး။”

Photo Credit : Youtube

“ကျွန်တော်တို့အသင်းမှာက ဒဏ်ရာရနေတဲ့ ကစားသမားတချို့လည်း ရှိနေတာကြောင့် ကျွန်တော့်ကစားသမားတွေကို ဂရုတစိုက်ပဲ အသုံးပြုသွားချင်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာလည်း ပွဲကြီးတစ်ပွဲက ရှိနေပါသေတယ်။ အခုလို ပွဲကျပ်တွေ များပြားနေတဲ့ အချိန်အခါမျိုးမှာ ကျွန်တော် အသင်းက ကစားသမားတွေကို အများကြီး အသုံးပြုသွားချင်ပါတယ်။” လို့ ဆလော့က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်း နည်းပြသစ် ဆလော့လက်ထက်မှာ ရလဒ်ပိုင်းတွေနဲ့ စွမ်းဆောင်ရည်ပိုင်းတွေက အားရစရာကောင်းနေပြီး ပြိုင်ပွဲစုံ (၁၂)ပွဲအထိ ကစားထားပြီးချိန်မှာတောင် (၁၁)ပွဲနိုင် (၁)ပွဲတည်းသာ ရှုံးထားသေးလို့ ဒါဟာ လီဗာပူးလ်အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ နည်းပြသစ်တစ်ဦးရဲ့ အကြမ်းဆုံးသော တာထွက်ရလဒ်တွေ ဖြစ်လာခဲ့ရပါတယ်။