လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ မိုဟာမက် ဆာလာဟာ ဘောလုံးလောကမှာ လက်ရှိအချိန်ထိ အကောင်းဆုံး စွမ်းဆောင်နေကြတဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လိုမျိုး အသက်အရွယ် တစ်ခု ရောက်နေတဲ့အထိ စွမ်းဆောင်ပြနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ အာနယ် ဆလော့က ပြောဆိုလိုက်ပါတယ်။
အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီဂျစ်လက်ရွေးစင် ညာတောင်ပံ တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၁၇ခုနှစ်ကတည်းက ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး အခုဆိုရင် လီဗာပူးလ်အတွက် legend player တစ်ဦးလို အခြေအနေမျိုးအထိ ဖြစ်လာအောင် အကောင်းဆုံး စွမ်းဆောင်ပြထားခဲ့ပါတယ်။
Photo Credit : Transfermarket
ဆာလာ မာနေး ဖာမီနို တိုက်စစ်အတွဲကနေ သူတစ်ဦးတည်းသာ လီဗာပူးလ်မှာ ကျန်နေခဲ့ပေမယ့် ဆာလာရဲ့ အသင်းအတွက် အကျိုးပြုနိုင်မှုတွေကတော့ လျော့ကျသွားခြင်း မရှိသလို ဒီရာသီမှာဆိုရင်လည်း လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၁၅)ပွဲကစား (၉)ဂိုးသွင်း (၇)ဂိုးဖန်တီးထားခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်မှာတော့ ဆာလာက လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးရပါတော့မယ်။
လီဗာပူးလ်နဲ့ ဆာလာတို့ကြားမှာ စာချုပ်သက်တမ်း တိုးမတိုးက အခုထိ မသိရသေးပေမယ့် လီဗာပူးလ်ကို ဒီရာသီမှ စတင် ကိုင်တွယ်ဖြစ်တဲ့ နည်းပြဆလော့ကတော့ ဆာလာကို အတော်လေး သဘောတွေ့နေပါတယ်။ “မိုဆာလာဟာ သူရဲ့ အသက်အရွယ်အရ အသင်းအပေါ် အကျိုးပြုနိုင်မှုအရ မက်ဆီနဲ့ ခရစ္စတီယာနိုတို့လို လုပ်ဆောင်ပြနိုင်ပါတယ်။”
Photo Credit : Sky Sports
“သူရဲ့ ခြေစွမ်းပိုင်း အဆင့်အတန်းအရ ကျဆင်းသွားပြီလို့ ထင်မြင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒါက သူရဲ့သွင်းဂိုးနဲ့ဂိုးဖန်တီးမှု အရေအတွက်ကို ကြည့်ပြီး မြင်တဲ့အရာ မဟုတ်သလို သူကစားတာကိုကြည့်ပြီး မြင်တဲ့အရာလည်း မဟုတ်ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မပြောတက်ပါဘူး။”
“ခရစ္စတီယာနိုနဲ့ မက်ဆီတို့က သူတို့ရဲ့ လက်ရှိအသက်အရွယ်အထိ အံ့မခန်း စွမ်းဆောင်နေကြတုန်းပါ။ ဒါပေမယ့် အသက်(၃၃)လောက်နဲ့ ကောင်းကောင်း မလုပ်နိုင်တော့တဲ့ ကျွန်တော့်လို ကစားသမားတွေလည်း ရှိပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ မသိရသေးပေမယ့် မိုဆာလာဟာ အရမ်းကောင်းတဲ့ နေရာတစ်ခုမှာတော့ ရှိနေပါတယ်။” လို့ ဆလော့က သုံးသပ်သွားခဲ့ပါတယ်။