MySport Myanmar

ဂရင်းဝုဒ် တွမ်မီနေးနဲ့ ကစားသမားတချို့ကို ရှင်းထုတ်သွားမယ့် ဆာဂျင်

မန်ချက်စတာ ယူနိုက်တက်ရဲ့ (၂၅)% အစုရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ မေဆန် ဂရင်းဝုဒ် အပါအဝင် စကော့ မတ် တွမ်မီနေး ၊ ဟန်နီဘယ်လ် မာဘရစ်ချ် နဲ့ အယ်လ်ဗာရို ဖာနန်ဒက်ဇ်တို့ အားလုံးပေါင်းအတွက် ပေါင် သန်း(၁၀၀)လောက်နဲ့ ရှင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။

ဆာဂျင်ဟာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာတွေ ဝယ်ယူခဲ့ပြီးနောက် အသင်းရဲ့ ဘောလုံး အားကစားပိုင်းဆိုင်ရာကို တာဝန်ယူ ဆောင်ရွက်သွားဖို့ ရှိနေပြီး အသင်းအတွင်းမှာလည်း အပြောင်းအလဲတွေကို တဖြည်းဖြည်းချင်း စတင် လုပ်ဆောင်လာခဲ့ပါတယ်။ အခုလည်း ဆာဂျင်က လာမယ့်နွေမှာ ကစားသမား (၄)ဦးကို ရှင်းလင်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။

Photo Credit : Clutch Point

သူ ရှင်းထုတ်ဖို့ လျာထားတဲ့ စာရင်းမှာ အသင်းကနေ အငှားထွက် ကစားနေကြတဲ့ ဂရင်းဝုဒ် မာဘရစ်ချ် နဲ့ ဖာနန်ဒက်ဇ်တို့ ပါဝင်နေသလို နည်းပြ အဲရစ် တန်ဟက်ဂ် အမြဲနေရာပေးတက်တဲ့ တွမ်မီနေးပါ ပါဝင်နေပါတယ်။ ဒီကစားသမားအားလုံး ရောင်းချမှုကနေ ပေါင် သန်း(၁၀၀)လောက်အထိ ရရှိလာဖို့ကိုလည်း ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်က မျှော်လင့်ထားကြပါတယ်။

ဒီကစားသမားတွေထဲမှာ ယူနိုက်တက် ပရိသတ်တွေ အများစုက တွမ်မီနေးလောက်သာ ရောင်းထုတ်စေချင်ပြီး အထူးသဖြင့် ဂရင်းဝုဒ်ကိုတော့ အသင်းဆီ ပြန်လည် ခေါ်ဆောင်ပြီး နေရာပြန်ပေးစေချင်နေပါတယ်။ ဂီတာဖေးအသင်းဆီ အငှားချခံထားရတဲ့ ဂရင်းဝုဒ်က စပိန်မြေမှာ ခြေစွမ်းပြနေလို့ အခု သူ့ကို ဘာစီလိုနာ အပါအဝင် လာလီဂါ ကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။

Photo Credit : The Sun

အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ဖြစ်သလို ယူနိုက်တက်မှာလည်း အသက်ငယ်ငယ်လေးနဲ့ ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အတူနေချစ်သူနဲ့ ပတ်သက်ပြီး အမှုကိစ္စတွေ ဖြစ်ပြီးတဲ့နောက် ယူနိုက်တက်က ဂရင်းဝုဒ်ကို ကစားခွင့် မပေးတော့ပဲ ဂီတာဖေးဆီ အငှားချလိုက်ပါတယ်။

စပိန်မြေကို ရုတ်တရက် ရောက်ရှိသွားတဲ့ ဂရင်းဝုဒ်က လာလီဂါမှာ (၁၆)ပွဲကစား (၃)ဂိုးသွင်း (၄)ဂိုးဖန်တီးထားသလို ဂီတာဖေးအသင်းအတွက်ကိုပါ ပြိုင်ပွဲစုံ (၁၉)ပွဲ ကစားထားပြီး (၅)ဂိုး သွင်းယူပေးထားခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြထားနိုင်တဲ့ ဂရင်းဝုဒ်က အခုဆို ဂီတာဖေးရဲ့ အဓိက ပွဲထွက်ကစားသမားပါ ဖြစ်နေရတဲ့အပြင် ဘာစီလိုနာ အပါအဝင် လာလီဂါ အသင်းတွေကလည်း ဂရင်းဝုဒ်ကို မျက်စိကျလာခဲ့ပါတယ်။

Exit mobile version