မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာရှင် ဆာဂျင် ရက်ကလစ်ဖ်က သူတို့အနေနဲ့ ယူနိုက်တက် နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ကို စာချုပ်သစ် ချုပ်ဆိုခဲ့မှုက အမှားတစ်ခု ဖြစ်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဆာဂျင်က The Telegraph နဲ့ အင်တာဗျူး “အဲဒါတွေက အမှားတွေပဲ။ အဲရစ်နဲ့ ပတ်သက်တာက အနည်းငယ် သက်သာစရာရှိတယ်။ အဲဒီအချိန်တုန်းက အငြင်းပွားမှုတွေ အများကြီးရှိခဲ့တယ်။ သူက ဖလားတစ်လုံးကို ယူပေးနိုင်ခဲ့တာ။ ပရိသတ်တွေကလည်း သူနဲ့ ဆက်လက်ပူးပေါင်းဖို့ လိုလားတယ်ဆိုတာ သိသာ ထင်ရှားခဲ့တယ်။”

Photo Credit : Football365

“ဒါပေမယ့် နှစ်ခုလုံးက အမှားတွေပဲ။ ဒီထက်ပိုပြီး ဘာမှပြောစရာမရှိဘူး။ ဒါဟာ ခရီးတစ်ခုပဲလေ။ ခရီးတစ်လျှောက်မှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရမှာဖြစ်ပြီးတော့ ဒါတွေအားလုံးကို မှန်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာလည်း အကုန်လုံးကို မှန်အောင် လုပ်နိုင်မယ်လို့ မထင်ဘူး။ ဘာလို့ဆို ကျနော်တို့က ပြီးပြည့်စုံတဲ့သူတွေ မဟုတ်လို့ပဲ။” ဟု ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်အတွင်းမှာလည်း ဆာဂျင်ကို နဗီးလ်က တန်ဟက်ဂ်ရဲ့ စာချုပ်သက်တမ်းကို တိုးမြှင်ခဲ့ခြင်းအပေါ် နောင်တရသလားလို့ မေးမြန်းလာခဲ့ရာ “ဟုတ်တယ် ဒါက မှားတဲ့ ဆုံးဖြတ်ချက်ပဲ။ ကျနော်တို့ မှားတဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်။”

Photo Credit : Goal

“ဒါက အမှားတစ်ခုပဲ။ ဒါကြောင့် ဒီအချက်မှာ ကျနော် နောင်တရတယ်လို့ ပြောရမယ်။ ဒီဆုံးဖြတ်ချက်ချတဲ့အခါ သက်သာစရာ ဒါမှမဟုတ် အကြောင်းအမျိုးမျိုး ရှိခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဒါက မှားတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် လက်ထောင်ပြီး ကျနော်ကိုယ်တိုင် အဲဒါကို ဝန်ခံရမယ်” လို့ ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

တန်ဟက်ဂ်က ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာပဲ ယူနိုက်တက်အတွက် FA Cup ဖလားကို ရယူပေးခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ကိုပါ ရရှိအောင် စွမ်းဆောင်ခဲ့တာကြောင့် ဆာဂျင်တို့ဘက်ကနေ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ရာသီအစပိုင်းမှာ ရလဒ်တွေ ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် လက်တွဲဖြုတ်ခဲ့ကာ ရူဘင် အမော်ရင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။