ကမ္ဘာ့ဘောလုံးလောမှာ အထင်ကရ အဖြစ်ဆုံးသော နည်းပြတစ်ယောက်ဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဘဝဇတ်ကြောင်းဖြစ်စဉ်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ Sir Alex Ferguson: Never Give In မှတ်တမ်းရုပ်ရှင်ဟာ မကြာခင်မှာ ပြသသွားတော့မှာဖြစ်သလို ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ကားနမူနာ (Official Trailer)ဟာဆိုရင်လည်း ဒီနေ့မှာပဲ Youtube ပေါ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ဖာဂူဆန်ရဲ့မအောင်မြင်ခင်ဘဝ အောင်မြင်နေဆဲဘဝ အောင်မြင်ပြီးဘဝအကြောင်းတွေကို စုံစုံလင်လင် တင်ဆက်ထားတာဖြစ်သလို သူ့ဇနီးသည်ကေသီနဲ့ တွေ့ဆုံဖြစ်ခဲ့ပုံ သူ့ဘဝအတွက် ကြောက်စရာအကောင်းဆုံး ဖြစ်ပျက်တစ်ခုဖြစ်တဲ့ ဦးနှောက်သွေးလွန်မှု ဝေဒနာနဲ့ ရင်ဆိုင်ခဲ့ရပုံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ဖာဂူဆန်ရဲ့သားတပည့်ကျော်တွေဖြစ်တဲ့ ရိုင်ယန်ဂစ် အဲရစ်ကန်တိုနာတို့ကလည်း ဖာဂူဆန်နဲ့ပတ်သက်ပြီး အမှတ်တရစကားတွေကို ထည့်သွင်းပြောဆိုထားပါတယ်။ ဒီလို ဖာဂူဆန်ရဲ့ဘဝဇာတ်ကြောင်းကို သေသေချာချာ အခြေခံထားတဲ့ မှတ်တမ်းရုပ်ရှင်ကို လာမယ့် မေ(၂၁)ရက်နေ့ အိုင်ယာလန်နိုင်ငံမှာ စတင်ပြသမှာဖြစ်ပြီး ဗြိတိန်မှာတော့ မေ(၂၇)ရက်နေ့မှာ ပြသမှာဖြစ်ပါတယ်။