အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံ ကစားသမားဟောင်း တဦး ဖြစ်သူ စကော့ ဆင်ကလဲယား ကတော့ လတ်တလောမှာ ကွင်းလယ်ခံစစ်ပိုင်း အားနည်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ အတူ တောက်ပနေတဲ့ ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဆန်ချို ၊ ဗာရန်း ၊ ရိုနယ်ဒို စတဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူထားတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ပြန် ရရှိနိုင်ဖို့ ရေပန်းစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးပြည့်စုံတဲ့ အသင်းတသင်း ဖြစ်ဖို့ ကွင်းလယ်ခံစစ်ပိုင်း နေရာကို အားဖြည့်ရန် လိုအပ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပေါ့ဘာ ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် ၊ ဗန်ဒီဘိခ် စတဲ့ ဗဟိုကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် မာတစ်တဦးထဲသာ ကွင်းလယ်ခံစစ်မှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိပြီး မာတစ်ကလည်း အသက်အရွယ်ကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ခက်ခဲနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ထိပ်သီး ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကွင်းလယ်လူ ကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမားဟောင်း ဆင်ကလဲယား ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း ဝန်းကျင် သုံးစွဲကာ ခေါ်ယူရမယ့် ဒီကလန်ရိုက်စ် အစား ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်နဲ့ ရရှိနိုင်မယ့် ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

မန်ယူအသင်းက ကယ်ဗင်ဖီးလစ်အား ခေါ်ယူသင့်တဲ့ အကြောင်းကို ဆင်ကလဲယားက – “ကယ်ဗင်ဖီးလစ်က အသင်းကြီး တသင်းမှာ ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ လိဒ်အသင်းက ဒီရာသီမှာ ခြေစွမ်းကောင်း မပြနိုင်ခဲ့ဘူး ၊ ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ဘူး ဆိုရင် ရာသီကုန်မှာ ကယ်ဗင်ဖီးလစ်က ကျိန်းသေ အသင်းပြောင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ ကွင်းလယ်ခံစစ်မှာ ဘောလုံးကိုင် ကစားနိုင်မယ့် ကစားသမား တဦးကို ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို ခေါ်ယူဖို့ မကြိုးစားတာကို အံ့အားသင့်မိပါတယ်။ ကျွန်တော့်အမြင်မှာတော့ မန်ချက်စတာ ယူနိုက်တက်ကသာ ကွင်းလယ်ခံစစ်နေရာကို ဖြည့်တင်းနိုင်ခဲ့ရင် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကျိန်းသေ စိန်ခေါ်နိုင်ပါပြီ” လို့ တိုက်တွန်းစကား ပြောကြားခဲ့ပါတယ်။