စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီဟာ အသင်းနဲ့ စာချုပ်သက်တမ်းသစ် ထပ်မံ ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူးတဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ပြန်လည် ရရှိအောင် ကူညီပေးခဲ့တဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

မာတီနက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၈ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အင်တာမီလန်အသင်းရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားတွေထဲက တဦးအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ ဒါကြောင့်ပဲ ဆီမြွန်နီက ဝါရင့် တိုက်စစ်မှူး ဆွာရက်ဇ်ကိုသာ အားကိုးနေရတဲ့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မာတီနက်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး မာတီနက်ဇ်ဟာလည်း အာဂျင်တီးနား နည်းပြ ဆီမြွန်နီရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒရှိနေကြောင်း အာဂျင်တီးနား သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Express

မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးသလို အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပေမယ့် အင်တာမီလန်အသင်းဟာ လက်ရှိမှာ ဘဏ္ဍာရေး ပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိပါက မာတီနက်ဇ်ကို ရောင်းထုတ်ဖို့ စဉ်းစားဖွယ် ရှိကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မာတီနက်ဇ်ဟာ အသက် ၂၃နှစ် အရွယ်သာ ရှိသေးသလို အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တာကြောင့် သူ့ရဲ့ တန်ကြေးဟာ ယူရို ၈၀သန်း ဝန်းကျင်အထိ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။