အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက ဒီနေ့ညမှာ သူတို့အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ့် ဘာစီလိုနာအသင်းရဲ့ လက်ရှိဖြစ်ပွားလျက်ရှိနေတဲ့ အသင်းအတွင်း နည်းပြနဲ့ ကစားသမားတွေကြား မပြေလည်မှုနဲ့ပတ်သက်ပြီး နည်းပြတစ်ယောက်အနေနဲ့ အသင်းတစ်သင်းကို အုပ်ချုပ်ရတဲ့အခါ ကိုယ့်လက်အောက် ကစားကြရမယ့် ကစားသမားတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့က အရေးကြီးဆုံး ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ သူရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘာစီလိုနာအသင်းဟာ လတ်တလောမှာ အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကြား မပြေလည်မှုတွေရှိလို့နေပြီး ဆယ်တာဗီဂိုပွဲအတွင်းမှာလည်း အသင်းခေါင်းဆောင်မက်ဆီက နည်းပြဆယ်တီယန်ရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ ဆာရာဘီယာရဲ့ ညွှန်ကြားချက်တွေကို လစ်လျူရှနေခဲ့သလို အာသာကို ဂျုဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကစားသမားတချို့က အမြင်မကြည်လင်မှုတွေ ဖြစ်နေကြပါတယ်။ Marca ကနေ ဖော်ပြလာချက်အရ ဆယ်တာဗီဂိုနဲ့ ပွဲအပြီး အဝတ်လဲခန်းအတွင်းမှာလည်း ဆယ်တီယန်နဲ့ ဘာစီအသင်းသားတွေ ပြသာနာတတ်ကြသေးတယ်လို့ သိရပါတယ်။

Photo Credit : Opinion

ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အသက်လက်တီကိုအသင်းနည်းပြ ဆီမြွန်နီက “ခင်ဗျားတို့ ကျုပ်ကိုသိပါတယ်။ ကျွန်တော်က တခြားအသင်းတစ်သင်းရဲ့ သူတို့အသင်းအတွင်း ပြသာနာဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ ကျုပ်ရဲ့ထင်မြင်ချက်တွေကို ပေးလေ့မရှိဘူးဆိုတာကို။ အခု ကျွန်တော်ပြောပြချင်တာက ကျွန်တော့်အသင်းကိုရော ကျွန်တော်ဘယ်လိုစီမံအုပ်ချုပ်နေသလဲဆိုတာကိုပဲ ပြောပြချင်တာပါ။ အသင်းတစ်သင်းမှာ အရေးကြီးဆုံးအချက်က ကစားသမားတွေရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ပဲ။ သူတို့ရဲ့ခံစားချက်တွေကို အမြဲတမ်းဂရုတစိုက် စောင့်ကြည့်နေရတယ်။ လိုအပ်ရင်လည်း အကာအကွယ်ပေးရပါတယ်။ ကျွန်တော့်အတွက်ဆိုရင် ဒီအချက်က အသင်းတစ်သင်းအတွက် အရေးအကြီးဆုံးသော အစိတ်အပိုင်းတစ်ခုလို့ပဲ မြင်မိပါတယ်။ ကျွန်တော်ကတော့ အလားတူကိစ္စမျိုးတွေ အသင်းမှာ ဖြစ်ပွားနေပြီဆိုရင်တော့ သမာရိုးကျအတိုင်းလေးပဲ ဖြေရှင်းလိုက်တာပါပဲ။ ကော်ဖီလေးသောက်ရင်းနဲ့ ဆွေးနွေးမှုလေးတစ်ခုကို သေချာလုပ်ဆောင်လိုက်တာနဲ့ အတွင်းပြသာနာတွေကို ဖြေရှင်းလိုက်နိုင်တာပဲ” လို့ သုံးသပ်ပြောဆိုသွားပါတယ်။ လက်ရှိမှာတော့ ဆယ်တီယန်ဟာ အသင်းကနေ ထုတ်ပယ်ခံရဖို့ အတော်လေးနီးစပ်လို့နေပြီး သူရဲ့နေရာမှာတော့ ဘာစီလိုနာဂန္တဝင်ကစားသမားဟောင်းဇာဗီက အစားထိုးကိုင်တွယ်ဖွယ်ရှိနေပါတယ်။