လတ်တလော စပိန်လာလီဂါ ဘောလုံးရပ်ဝန်း မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ VAR ပြဿနာဟာ အတော်လေးကို ဆွေးနွေး ငြင်းခုံနေရတဲ့ ပြဿနာတစ်ခု အဖြစ် ရှိနေပါတယ်။ လက်ရှိမှာ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်တစ် နေရာမှာ ရမှတ် ၇၇မှတ်နဲ့ ရပ်တည်နေနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါပွဲစဉ် နှစ်ပွဲစလုံးကို တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူခဲ့သလို တိုက်ဆိုင်မှု တစ်ခုလို့ ဆိုရမှာကတော့ အဆိုပါ ပွဲစဉ်နှစ်ပွဲစလုံးမှာ ရရှိခဲ့တဲ့ အနိုင်ဂိုးတွေဟာ ပင်နယ်တီ ပြစ်ဒဏ်ဘောတွေကနေ တဆင့် ရရှိခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်နေတာပါပဲ။ အဆိုပါ တိုက်ဆိုင်မှု ကြောင့်ပဲ ဘီလ်ဘာအိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲအပြီးမှာ စပိန် ဘောလုံးအဖွဲ့ချုပ်နဲ့ VARဟာ ယခုနှစ် ဘောလုံးရာသီရဲ့ လာလီဂါချန်ပီယံဆုကို ရီးရဲလ်မက်ဒရစ်အသင်း ရရှိစေဖို့ ကြိုးစားပေးနေကြတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါ ဝေဖန်မှုတွေ ကြားထဲမှာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူရဲ့ ဝေဖန်မှု ဟာ ပွဲအဆူဆုံး ဝေဖန်မှုတစ်ခု ဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းက ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ ဘာတိုမြူက VARဟာ အသင်းတစ်သင်းတည်း ကိုပဲ ကူညီနေတာလို့ စွပ်စွဲ ပြောဆိုသွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ VAR ရဲ့ ကူညီ ထောက်ပံ့မှုတွေကို ရရှိနေကြောင်းကို ဘာတိုမြူ က ” San Mames မှာ ကစားခဲ့တဲ့ပွဲ(ဘီလ်ဘာအိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ပွဲ) ကို ပွဲပြီးခါနီးအထိ ကျွန်တော် ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်တစ်ခု ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားပြီး ပြန်လည် စတင်ချိန်မှာ VAR ဟာ မရိုးသားတော့တာကြောင့်ပါ။ VAR ကြောင့် ရလဒ်တချို့ဟာ ပြောင်းလဲခဲ့ရပြီး VAR ဟာ အမြဲတမ်း တူညီတဲ့အသင်း တစ်သင်းတည်းကိုပဲ အသာစီး ရရှိစေပါတယ် ” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် လက်ရှိမှာတော့ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ အက်သလက် တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီကတော့ ဘာတိုမြူရဲ့ စကားကို လက်မခံကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း ပင်နယ်တီ ရနေတာဟာ အကြောင်းပြချက် တစ်ခု ရှိတယ်လို့ ဆိုသွားခဲ့ပါတယ်။ ရီးရဲလ် မက်ဒရစ်အသင်း အမြဲတမ်းနီးပါး ပင်နယ်တီ ရရှိနေမှုနဲ့ ပတ်သတ်ပြီး ဆီမြွန်နီက ” VAR က လူတိုင်းအတွက် မျှတမှု ရှိပါတယ်။ အသင်း တစ်သင်းဟာ ပင်နယ်တီတွေ အများကြီး ရနေပြီ ဆိုရင် သူတို့အသင်းဟာ တိုက်စစ်ဆင်မှု အများကြီးကို ပြုလုပ်နေတာကြောင့် ဆိုတာကို သတိပြုရပါမယ်။ ဥပမာပေးရရင် ရီးရဲလ် မက်ဒရစ်လိုပေါ့ ” လို့ သူ့ရဲ့အမြင်ကို ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။