စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီ ကတော့ သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အင်္ဂလန် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူပြမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ယနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ပထမအကျော့ အဖြစ် စပိန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အင်္ဂလန်မြေမှာ ကစားရမယ့် ပွဲစဉ်မှာ နှစ်သင်းစလုံး အတွက် အခွင့်အရေး ဆတူ ရှိနေပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ်က ယခုနှစ်မှာ အဝေးဂိုးစည်းမျဉ်းကိုလည်း ပယ်ဖျက်ထားတာကြောင့် ဒီပွဲမှာ နိုင်တဲ့ အသင်းကသာ နောက်တဆင့်ကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေကြပေမယ့် အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီကတော့ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားနည်းချက်တွေကို သိထားတာကြောင့် အဝေးကွင်းမှာ အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: Express

ဆီမြွန်နီက – “ကျွန်တော်တို့ ဒီပွဲမှာ သူတို့ရဲ့ ကွင်းဘက်ခြမ်း အထိ တက်ပြီး ဖိအားပေး ကစားသွားပါမယ်။ ဒီပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခင်ဗျားတို့ ကြည့်ချင်ကြမယ့် ပွဲကောင်းတပွဲ ဖြစ်လာပါလိမ့်မယ်။ တခါတလေကျရင် အိမ်ကွင်းမှာ ကစားရတဲ့ ပွဲတွေက ပိုပြီး ဖိအားများတတ်တာကို ခင်ဗျားတို့လည်း သိကြပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ အသင်းဟာ သူတို့တွေ လုပ်မယ့် အမှားတွေကို အကောင်းဆုံး အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က ဒီပွဲကို ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်တို့တွေ ရလဒ်ကောင်း ရဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။ ဒီပွဲရဲ့ အနိုင်က ကျွန်တော်တို့ အတွက်ပဲ ဖြစ်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။