စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မက်ဒရစ်ဒါဘီ အတွက် အဆင်သင့်ပဲလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ယခုနှစ် လာလီဂါပြိုင်ပွဲရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်း နှစ်သင်း ဖြစ်သလို လာလီဂါချန်ပီယံဆု အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံကြတဲ့ မက်ဒရစ်ဒါဘီပွဲစဉ် နှစ်ပွဲဟာ လာလီဂါ ချန်ပီယံဆု အတွက် အဓိကကျတဲ့ ပွဲစဉ် နှစ်ပွဲ ဖြစ်ပြီး အဆိုပါနှစ်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ရရှိဖို့ အခွင့်အလမ်း များပြားပါတယ်။

လာလီဂါရဲ့ လက်ရှိ ချန်ပီယံဟာ အက်သလက်တီကို မက်ဒရစ်အသင်း ဖြစ်ပေမယ့် ယခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရမှတ် ၃၉မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အက်သလက်တီကို မက်ဒရစ်အသင်းက ၂၉မှတ်သာ ရရှိထားသေးပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်အသင်း အနေနဲ့ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်လိုပါက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မက်ဒရစ်ဒါဘီမှာ ရလဒ်ကောင်း ရရှိအောင် မဖြစ်မနေ ကြိုးစားဖို့ လိုအပ်ပြီး ဆီမြွန်နီကတော့ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ တွေ့ဆုံဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။

ဆီမြွန်နီက – “ဒီပွဲက ဒါဘီပွဲ ဖြစ်သလို ကျွန်တော်တို့ အတွက် ရလဒ်ကောင်း ရရှိဖို့ အတော်လေး အရေးပါတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။ အန်ဆလော့တီ ရောက်ရှိလာပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းက အတော်လေး ကောင်းမွန်တဲ့ ကာလတခုကို ဖြတ်သန်းနေရပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းက ကျစ်လျစ်မှု ရှိသလို တိုက်စစ်ပိုင်း အရည်အသွေးကလည်း ပြိုင်ဘက်တိုင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့ကို အလဲထိုးနိုင်မယ့် အခြေအနေတွေကို ပွဲအတွင်းမှာ ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဒီပွဲအတွက် အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။