အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဆီမြွန်နီကတော့ လာလီဂါ လက်ကျန် ပွဲစဉ် (၄) ပွဲသာ ကစားဖို့ ကျန်ရှိတော့တာကြောင့် လက်ရှိအချိန်မှာ ချန်ပီယံလိဂ် အကြောင်းကို ခေါင်းထဲ လုံးဝ မထည့်ထားနိုင်ဘူးလို့ အသင်းထောက်တွေကို အခိုင်အမာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ မာယော့ကာအသင်းကို (၃-ဝ) ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် လက်ရှိရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၁၄) ပွဲဆက် ရှုံးပွဲမရှိသေးတာ ဖြစ်ပြီး လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ အဆင့် (၃) နေရာ ရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၁၆) သင်း အဆင့်ကို ကစားခဲ့ပြီး ဖြစ်ပြီး (၁၆) သင်းရှုံးထွက်အဆင့် နှစ်ကျော့စလုံးမှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်း လီပူးလ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ လာမယ့် သြဂုတ်လကနေ ပြန်လည် စတင်တော့မှာ ဖြစ်ပေမယ့်လည်း နည်းပြ ဆီမြွန်နီကတော့ လာလီဂါ လက်ကျန် ပွဲစဉ်တွေကိုသာ အာရုံစိုက်ဦးမှာ ဖြစ်ပြီး ချန်ပီယံ လိဂ် ပွဲစဉ်တွေကို ခေါင်းထဲ လုံးဝ မထည့်ထားနိုင်သေးပါဘူးလို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

နည်းပြ ဆီမြွန်နီက “လက်ရှိအချိန်မှာ ကျွန်တော် ချန်ပီယံလိဂ် အကြောင်းကို ခေါင်းထဲ လုံးဝကို မထည့်ထားပါဘူး။ အခု အလွန် အရေးကြီးတဲ့ လိဂ်ပွဲစဉ် (၄) ပွဲ ကျန်ရှိနေသေးပြီး ရင်ဆိုင်ရမယ့် အသင်းတွေကလည်း လာလီဂါမှာ နေရာရဖို့ တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ကတော့ အရင်ကလို ပုံစံအတိုင်းပဲ လက်ရှိရာသီကုန်အထိ ဆက်ယှဉ်ပြိုင်သွားရုံပါပဲ။ အခုအချိန်မှာ ကျွန်တော်တို့ နားချိန် အနားငယ် ပို ရှိပါတယ်။ ကျွန်တော် မမှားဘူး ဆိုရင် နားချိန် (၄) ရက်လောက် ရရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့က လက်ရှိအချိန်မှာ ခြေစွမ်းတည်ငြိမ်ဖို့ ဆက်ပြီး ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုရင် အချိန်ပိုရလို့ပါပဲ။ အခုအချိန်မှာ ကစားသမားတွေ အနေနဲ့ အဆင်သင့် ဖြစ်နေပြီး နောက်ပွဲအတွက် အဆင်သင့် ဖြစ်ရပါမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။