စပိန်အင်အားကြီးကလပ်အသင်းတစ်ခု ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကာလရှည်နည်းပြတစ်ဦးဖြစ်သူ ဆီမြွန်နီဟာ သူ့ရဲ့ နည်းပြဘဝမှာ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်တွေမှာ ပေါ်တူဂီသား ရိုနယ်ဒို မပါဝင်တဲ့ အသင်းတွေကို တစ်ခါမှ မရှုံးခဲ့ဖူးဘူးလို့ သိရှိရပါတယ်။

Photo Credit: Marca.com

လက်ရှိမှာ စီးရီးအေကလပ် ဂျူဗင်တပ်မှာ ကစားနေတဲ့ စီရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တွေ့ဆုံတိုင်း ဂိုးမြူးလေ့ရှိသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာလည်း အက်သလက်တီကိုမက်ဒရစ်အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့ပြီး ဂျူဗင်တပ်အသင်းကို နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Marca.com

ရိုနယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၃၅ပွဲအထိ တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး ၂၅ဂိုး သွင်းယူထားကာ ၉ဂိုးအထိ ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရိုနယ်ဒိုဟာ ချန်ပီယံလိဂ် မှာ အက်သလက်တီကိုအသင်းနဲ့ ၁၀ကြိမ် တွေ့ဆုံခဲ့ဖူးရာမှာ ၆ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားသူပါ။

Photo Credit: Marca.com

လက်ရှိရာသီမှာတော့ အက်သလက်တီကို အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံလောင်း လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ကစားရတဲ့ ပထမအကျော့ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ရိုနယ်ဒိုပါတဲ့ အသင်းတွေကလွဲရင် ဘယ်အသင်းကိုမှ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ မရှုံးနိမ့်ဖူးတဲ့ ဆီမြွန်နီ တစ်ယောက် ကလော့ပ်ကို အရေးနိမ့်သွားမလား ၊ စံချိန်ကိုပဲ ဆက်ထိန်းသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။