ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ် နှစ်ပွဲထဲက တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ပွဲမှာတော့ ဧည့်သည် အက်သလက်တီကို မက်ဒရစ် အသင်းဟာ လီဗာပူးလ်အသင်းကို သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အချိန်မှာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ် ထွက်ပေါ်နေခဲ့တာကြောင့် အချိန်ပို မိနစ် ၂၀ ဆက်လက်ကစားခဲ့ပြီး အချိန်ပိုမိနစ် ၂၀မှာ အက်သလက်တီကိုအသင်းက လီဗာပူးလ်ကို သုံးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ကာ ပွဲအပြီးမှာတော့ နှစ်ဂိုး သုံးဂိုးဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့တာပါ။

Photo Credit: Independent.com

အဆိုပါပွဲစဉ်မှာ အက်သလက်တီကို အသင်းအတွက် အကောင်းမွန်ဆုံး စွမ်းဆောင်ပြခဲ့သူက အသင်းရဲ့ အဓိက ဂိုးသမား အော့ဘလက်ဖြစ်ပြီး အော့ဘလက်ဟာ လီဗာပူးလ်ရဲ့ ဂိုးရရှိနိုင်တဲ့ ဂိုးပေါက်ကန်သွင်းချက် အတော်များများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်းဟာ အသက်ရှူချောင်ခဲ့ရတာပါ။ အက်သလက်တီကိုအသင်းအတွက် ဂိုးတွေကိုတော့ ကွင်းလယ်လူ လော်ရန်တီက နှစ်ဂိုးနဲ့ လူစားဝင်တိုက်စစ်မှူး မိုရာတာက တစ်ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ဂိုးတွေကိုတော့ ကွင်းလယ်လူ ဝစ်နယ်ဒန်နဲ့ အဓိက တိုက်စစ်မှူး ဖာမီနိုက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Independent.com

လီဗာပူးလ်အသင်းကို အနိုင်ရခဲ့အပြီးမှာတော့ အက်သလက်တီကိုအသင်းရဲ့ နည်းပြ ဖြစ်သူ ဆီမြွန်နီ​က ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တွေမှာ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒို မပါတဲ့ အသင်းတွေကို တစ်ခါမှ မရှုံးဖူးတဲ့စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။ ဆီမြွန်နီနဲ့ ရိုနယ်ဒိုတို့ဟာ ရိုနယ်ဒိုတစ်ယောက် ရီးရဲလ်အသင်းမှာ ရှိခဲ့စဉ်ကတည်းက မကြာခဏဆိုသလို ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး ရိုနယ်ဒိုဟာ ဆီမြွန်နီရဲ့အသင်းကို အကြိမ်ကြိမ်ဒုက္ခပေးခဲ့တဲ့သူပါ​။ ပြီးခဲ့တဲ့နှစ် မှာလည်း ရိုနယ်ဒိုရဲ့ ဂျူဗင်တပ်နဲ့ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းတို့ တွေ့ဆုံခဲ့ကြဖူးပြီး ရိုနယ်ဒိုရဲ့ဟက်ထရစ်ကြောင့် ဂျူဗင်တပ်အသင်းဟာ အက်သလက်တီကို ကို အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။