မနေ့ညက ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးထဲမှာ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသက်လက်တီကိုနည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက ပြိုင်ဘက်အသင်းနည်းပြ ယာဂန်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့တဲ့အပေါ်မှာ ပြန်လည်ဖြေရှင်းသွားခဲ့ပြီး သူရဲ့အကျင့်တစ်ခုကိုလည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Swiss Headline

ဒီပွဲစဉ်အတွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ အတော်လေးကို မြိုင်ဆိုင်ခဲ့သလို အသက်လက်တီကိုမက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေ ရယူပေးခဲ့တဲ့ ဂရီးဇ်မန်းမှာလည်း လီဗာပူးလ်ကစားသမား ဖာမီနိုရဲ့မျက်နှာကို ကန်ကြောက်မိခဲ့ရာကနေ တိုက်ရိုက်အနီကတ်နဲ့ပါ ထုတ်ပယ်ခံခဲ့ရပါတယ်။ အိမ်ရှင်အသက်လက်တီကိုဘက်က ကစားသမားတစ်ယောက်လည်း ထုတ်ပယ်ခံခဲ့ရသလို အရှုံးရလဒ် ဖြစ်စေရမယ့် ပင်နယ်တီကန်ခွင့်ကိုပါ ခွင့်ပြုခဲ့ရတာကြောင့် ဒီအခြေအနေပေါ်မှာ အသင်းနည်းပြ ဆီမြွန်နီက အတော်လေးကို မကျေမနပ်နိုင် ဖြစ်နေခဲ့ရတာကြောင့် လက်ဆွဲမနှုတ်ဆက်တာ ဖြစ်နိုင်တယ်လို့ ယာဂန်ကလော့ပ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Archysport

လီဗာပူးလ်နည်းပြ ကလော့ပ်က “လက်ဆွဲနှုတ်ဆက်ဖို့အတွက် ကျွန်တော်တို့နှစ်ယောက်လုံး မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် အခြေအနေက ဘယ်လောက်ရှင်းလင်းသလဲဆိုတာကို သိရမှာပါ။ ကျွန်တော် သူနဲ့ လက်ဆွဲနှုတ်ဆက်ချင်ခဲ့တယ်။ ဒါပေမယ့် သူရဲ့အပြုအမှုတွေက ကျွန်တော်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် သိပ်မဟန်လှတဲ့ အနေအထား။ နောက်တစ်ကြိမ်သာ ကျွန်တော်တို့တွေ ထပ်မံတွေ့ဆုံရမယ်ဆိုရင် သေချာပေါက်ကို လက်ဆွဲနှုတ်ဆက်ကြမှာပါ။ ဒါက ဘာမှဖြစ်တာမျိုး မဟုတ်ပါဘူး။ သူ ကျွန်တော့်အပေါ် ဒေါသထွက်နေတာမျိုး မဟုတ်ပဲနဲ့ ပွဲအခြေအနေအပေါ်မှာသာ ဒေါသထွက်နေတယ်ဆိုတာက အရမ်းသိသာပါတယ်” လို့ ရှင်းလင်းပြောဆိုသွားပါတယ်။ ဆီမြွန်နီကလည်း သူရဲ့အပြုအမှုနဲ့ပတ်သက်ပြီး “ကျွန်တော်ကတော့ ပွဲပြီးလို့ နည်းပြချင်း လက်ဆွဲနှုတ်ဆက်တာမျိုးကို ဘယ်တော့မှ မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒါကို မကြိုက်လို့ပါ။ ဒါကြီးက အနိုင်ရတဲ့သူအတွက်ရော ရှုံးနိမ့်ရတဲ့ လူအတွက်ပါ မကောင်းဘူးလို့ပဲ ကျွန်တော်မြင်မိတယ်။ ဒါပေမယ့် အခုသာ သူနဲ့ဆုံရမယ်ဆိုရင်တော့ ဘာပြသာနာမှမရှိပဲနဲ့ကို လက်ဆွဲနှုတ်ဆက်နိုင်မိမှာပါ” လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။