စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ ဆီမြွန်နီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၁-၀ အက်သလက်တီကို မက်ဒရစ် ပွဲစဉ်အပြီးမှာ ဘာစီလိုနာဟာ လာလီဂါချန်ပီယံ ဖြစ်ဖို့ သေချာသွားပြီ ဖြစ်ကြောင်းနဲ့ ဘာစီလိုနာဟာ လာလီဂါချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်း ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာနဲ့ ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်တို့က လာလီဂါ ပွဲစဉ်(၃၀) အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်းဖြစ်တဲ့ နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ နိုင်ပွဲ ရဖို့ အတွက် ကြိုးစား ကစားခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာက သူတို့အသင်းရဲ့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူကာ အက်သလက်တီကို မက်ဒရစ်ဘက်ကို တိုက်စစ်ဆင် ကစားသွားခဲ့သလို အက်သလက်တီကို မက်ဒရစ်ကလည်း သူတို့အသင်းရဲ့ ဝသီအတိုင်းပဲ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် ဘာစီလိုနာကို ဒုက္ခပေးသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်က အဝေးကွင်းမှာ ခံစစ်ပိတ်ကာ တန်ပြန်တိုက်စစ် ကနေ တဆင့် ဘာစီလိုနာကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၄၄မိနစ်မှာ အက်သလက်တီကို မက်ဒရစ် ခံစစ်မှူးတွေရဲ့ ပေါ့လျော့မှု ကနေ ဘာစီလိုနာ တိုက်စစ် ကစားသမား ဖာရန်း တောရက်စ်က ဘာစီလိုနာ အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: SPORT

ဘာစီလိုနာ ၁-၀ အက်သလက်တီကို မက်ဒရစ် ပွဲအပြီးမှာတော့ နိုင်ပွဲရသွားတဲ့ ဘာစီလိုနာက ရာသီကုန်ဖို့ ၈ပွဲသာ လိုအပ်တော့ချိန်မှာ အဆင့်(၂) ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၁၁မှတ် အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် လက်ကျန် ၈ပွဲ ကနေ ရမှတ် ၁၄မှတ် စုဆောင်းနိုင်ရုံနဲ့ လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တော့မှာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီကတော့ ဘာစီလိုနာဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ လာလီဂါ ချန်ပီယံ ဖြစ်သွားပြီလို့ ဆိုလာပါတယ်။

ဆီမြွန်နီက – “ဘာစီလိုနာက လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိသွားပါပြီ။ ဒါကြောင့် ကျွန်တော်က ဘာစီလိုနာကို ဂုဏ်ပြုချင်ပါတယ်။ ဘာစီလိုနာက ဒီရာသီရဲ့ လာလီဂါချန်ပီယံဘွဲ့နဲ့ ထိုက်တန်ပါတယ်” ဆိုပြီး ဘာစီလိုနာကို ဂုဏ်ပြုစကား ပြောကြားသွားခဲ့တာပါ။