အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂို ဆီမြွန်နီက သူတို့အသင်းအနေနဲ့ စပိန် စူပါဖလား ချန်ပီယံ မြို့ခံပြိုင်ဘက် ရီးယဲလ် မက်ဒရစ်အသင်းကို ဂုဏ်ပြု ကြိုဆိုသွားမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။

ရီးယဲလ် နဲ့ အသက်လက်တီကိုတို့ဟာ မက်ဒရစ် အခြေစိုက် ဒါဘီပြိုင်ဘက် အသင်းတွေအညီ တစ်သင်းနဲ့ တစ်သင်းက ကွင်းအတွင်း ကွင်းအပြင် ပြိုင်ဆိုင်မှုတွေ အလွန်ပြင်းထန်လို့နေပြီး အသင်းနှစ်သင်းကြားမှာလည်း မကျေမလည်မှုတွေ အမြဲလိုလို ရှိနေတက်ပါတယ်။

Photo Credit : CNN

ပိုဆိုးတာက ရီးယဲလ်အသင်းက သူတို့ရဲ့ မြို့ခံကလပ်ထက် အောင်မြင်မှု များစွာ ရရှိနေတက်တာကြောင့် ဒါက အသက်လက်တီကိုအတွက် ခံပြင်းလွန်းစရာ ဖြစ်နေရပါတယ်။ ဒါ့အပြင် ပူပူနွေးနွေး မကြာသေးခင်ကပဲ ဒီနှစ်သင်းက စပိန် စူပါဖလား ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ထားပြီး ထုံးစံအတိုင်း ရီးယဲလ်ကသာ အနိုင်ရခဲ့သလို စူပါဖလား ချန်ပီယံပါ ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ညမှာလည်း အသက်လက်တီကိုရဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ အိမ်ရှင် အသက်လက်တီကို နဲ့ ရီးယဲလ်အသင်းတို့က ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲမှာ ရီးယဲလ်ကို သူတို့ဘက်က ဂုဏ်ပြု ကြိုဆိုမှာ မဟုတ်ဘူးလို့ နည်းပြ ဆီမြွန်နီက ပြောဆိုလိုက်ပါတယ်။

Photo Credit : Marca

“ပြီးခဲ့တဲ့ အချိန်တုန်းကအတိုင်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ နည်းပြနဲ့ ကစားသမားတွေအတွက် လေးစားမှုနဲ့ နှုတ်ဆက်မှုတွေတော့ လုပ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ လေးစားတဲ့ သူတွေကိုပဲ ဦးစားပေးသွားပါမယ်။”

“တကယ်လို့ မက်ထရိုပိုလီတာနိုကွင်းထဲမှာ အားလုံးက တစ်စုတစ်စည်းတည်းသာ ဂုဏ်ပြု ကြိုဆိုမှု ပြုလုပ်လိုက်မယ်ဆိုရင် ဒါဟာ အသင်းပရိသတ်တွေရဲ့ ဒေါသဟုန်ကို ဆွပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ စပိန်မှာ ဆုဖလား ဆွတ်ခူးခဲ့တဲ့ အသင်းတွေကို ကြိုဆိုမှုတွေက ရှိတက်ကြတယ် ဆိုပေမယ့်လည်း အနီးစပ်ဆုံး ပြိုင်ဘက်တွေကို ဂုဏ်ပြုတာထက် အရှက်ရအောင် လုပ်သွားဖို့ပဲ အာရုံစိုက်ပါမယ်။” လို့ ဆီမြွန်နီက ပြောဆိုခဲ့ပါတယ်။