စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ပဲ့ကိုင်ရှင် ဆီမြွန်နီကတော့ လာလီဂါပြိုင်ပွဲဟာ တချိန်တုန်းကလို ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းထဲ စိုးမိုးတဲ့ လိဂ်ပြိုင်ပွဲတခု မဟုတ်တော့ဘူးလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ကတ်တလန်တာဒေသ အခြေစိုက် ဘာစီလိုနာအသင်းနဲ့ မက်ဒရစ်မြို့ အခြေစိုက် ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ စပိန်လာလီဂါပြိုင်ပွဲရဲ့ အင်အားအကြီးဆုံး အသင်းနှစ်သင်း အဖြစ် ပရိသတ် အများစုရဲ့ တညီတညွတ်ထဲ သတ်မှတ်ခြင်းကို ခံထားရပြီး လာလီဂါပြိုင်ပွဲရဲ့ သမိုင်းမှာလည်း သူတို့နှစ်သင်းကသာ အအောင်မြင်ဆုံး အသင်းနှစ်သင်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ စပိန်လာလီဂါပြိုင်ပွဲမှာ နိုင်ပွဲတွေ ၊ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ခက်ခဲလာခဲ့ကာ ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းတိုင်းနီးပါးဟာ သူတို့နှစ်သင်းကို ယှဉ်ဆော့လာနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ တပွဲလျော့ အနေအထားနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာမှာ ရှိနေပြီး လက်ကျန် တပွဲကိုသာ အနိုင်ရသွားပါက အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ရှိနေကာ ဘာစီလိုနာအသင်း ကတော့ ရမှတ် ၂၀မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၄ အတွင်း ဝင်ရောက်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Marca

လာလီဂါပွဲစဉ် (၁၃)ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၆မှတ် အထိ ရယူနိုင်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီ ကတော့ လာလီဂါပြိုင်ပွဲဝင် အသင်းတွေရဲ့ တိုးတက်မှုကို သဘောကျနေပြီး ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ တချိန်တုန်းကလို လာလီဂါပြိုင်ပွဲကို ကြီးစိုးနိုင်စွမ်း မရှိတော့ဘူးလို့လည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဆီမြွန်နီက – “လာလီဂါပြိုင်ပွဲက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်လာတာကြောင့် နိုင်ပွဲတပွဲ ရရှိဖို့ အတွက် ကျွန်တော်တို့တွေ အများကြီး ကြိုးစားဖို့ လိုအပ်လာပါတယ်။ အသင်းတွေ ကြားထဲမှာ ကွာခြားမှုကလည်း နည်းသထက် နည်းလာပါတယ်။ ဘာစီလိုနာအသင်းရဲ့ MSNခေတ်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ BBCခေတ်က ကုန်ဆုံးသွားပါပြီ။ ဒါကြောင့် လာလီဂါပြိုင်ပွဲကို အသင်းနှစ်သင်းထဲက လွှမ်းမိုးဖို့ ဆိုတာ မဖြစ်နိုင်တော့ပဲ လာလီဂါချန်ပီယံဆုဟာ လူတိုင်းအတွက် ၊ အသင်းတိုင်း အတွက် မျှော်မှန်းလို့ ရနိုင်တဲ့ အရာတခု ဖြစ်လာပါပြီ” လို့ ကြွေးကြော်သွားခဲ့တာပါ။