ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ဆဲဗက်စတာကတော့ တစ်ချိန်က ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကောင်းတွေ ဖြစ်ခဲ့ကြတဲ့ မန်ယူရဲ့ အသင်းခေါင်းဆောင် ရိုင်ကိန်းနဲ့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ဗီအဲရာတို့ကြားမှာ လက်ဝှေ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါက ဘယ်သူ အသာစီးရမလဲဆိုတာကို ခန့်မှန်း ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ အာဆင်နယ် အသင်းတို့ဟာ ၂၀၀၀ခုနှစ် အစောပိုင်းမှာ ပရီးမီးယားလိဂ်ရဲ့ အင်အားအတောင့်တင်းဆုံး အသင်းတွေဖြစ်ခဲ့ကြသလို သူတို့နှစ်သင်းတွေ့ဆုံတဲ့ အချိန်တိုင်းလည်း အကြိတ်အနယ် ပွဲကောင်းတွေကို မြင်တွေ့ခဲ့ရသလို ကစားသမားတွေကြားမှာလည်း မကျေလည်မှုတွေ ၊ ရန်ငြိုးတွေ ၊ ပြိုင်ဆိုင်မှုတွေက တစ်ပုံတစ်ပင် ပါပဲ။

 

Photo Credit: Metro.com

 

၂၀၀၅ခုနှစ်မှာ မန်ယူအသင်းက အာဆင်နယ် အသင်းကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာဆိုရင် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပွဲမစခင် ဥမင်လှိုဏ်ခေါင်းထဲမှာ ရှိစဉ်ကတည်းက အချင်းများမှုတွေ ရှိခဲ့ကြပြီး ပွဲပြီးဆုံးသွားတဲ့ အချိန်မှာလည်း ဥမင်လှိုဏ်ခေါင်းထဲမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြပါတယ်။ အဆိုပါ ဥမင်လှိုဏ်ခေါင်းထဲက တိုက်ပွဲအကြောင်းကို ဆဲဗက်စတာက ” အဲ့ဒါက တော်တော်လေး သေးတဲ့ ဥမင်လှိုဏ်ခေါင်းပါ။ ကစားသမားတွေက ပုခုံးချင်း ထိနေကြပါတယ်။ အဲ့ဒီအချိန်မှာ ဗီအဲရာက ဂယ်ရီနဗီးလ်ကို ပခုံးကို တိုက်ပြီး မင်းမှာက တော်တော်ကြီးတဲ့ ပါးစပ်ရှိတာပဲ ( စကားများတာကို ဆိုလိုခြင်း ) ၊ အခုကတော့ မင်းက မင်းအသင်းနဲ့အတူ ရှိနေတာပေါ့။ ငါ မင်းနဲ့ တစ်ယောက်ချင်း ချချင်တယ် လို့ ပြောသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရိုင်ကိန်းက ဗီအဲရာရဲ့ အနားကို ရောက်လာတော့တာပဲ။ ပြီးတော့ ကိန်းက ဗီအဲရာကိုကြည့်ပြီး ပြောလိုက်တယ်။ မင်း ငါ့ရဲ့ကစားသမားကို စိန်ခေါ်ချင်တာလား။ ငါ့ကိုစိန်ခေါ်စမ်းပါ လို့ ပြောခဲ့ပါတယ် ” လို့ ဆဲ ဗက်စတာက ဥမင်လှိုဏ်ခေါင်း တိုက်ပွဲကို ပြန်ပြောင်း ပြောပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဆက်လက်ပြီး ဆဲဗက်စတာက ကိန်းနဲ့ ဗီအဲရာတို့သာ ချဖြစ်ကြရင် ဘယ်သူနိုင်မလဲဆိုတာကိုပါ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ဆဲဗက် စတာက ” ကျွန်တော်တို့က ရိုင်ကိန်းနဲ့ လက်ဝှေ့ကို အပျော်သဘောထိုးခဲ့တာမျိုးတွေ ရှိတော့ ဗီအဲရာကို ရိုင်ကိန်းက အသာစီးရသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရဲ့ မန်ယူ ကစားသမားဘဝ တတိယမြောက်ရာသီမှာ မိုက် လို့ ခေါ်တဲ့ ကြံ့ခိုင်ရေးနည်းပြတစ်ဦး ရှိပါတယ်။ သူက အလေးမတာနဲ့ လက်ဝှေ့ထိုးတာမှာ တော်တော်လေးကို ကောင်းမွန်ပါတယ်။ မိုက်နဲ့အတူ ကျွန်တော်တို့ဟာ လက်ဝှေ့ထိုးတာတွေကို လေ့ကျင့်ခဲ့ဖူးပြီး ရိုင်ကိန်းက လက်ဝှေ့ထိုးတာမှာ အတော်လေးကောင်းပါတယ်။ သူပြီးရင် ဂစ် နဲ့ ရွန်းနီတို့က တော်ကြပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တော်တော်များများက လေ့ကျင့်ခန်းတွေ ပြီးတာနဲ့ တစ်မိနစ်အချီတွေ ၊ သုံးမိနစ်အချီတွေ ထိုးဖို့ ဆန္ဒရှိကြပါတယ် ” လို့ သူ့ရဲ့ခန့်မှန်းချက်နဲ့ ဘာ့ကြောင့် အဲ့ဒီလို ခန့်မှန်းရလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။