ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ခံစစ်မှူးဟောင်း တဦး ဖြစ်သူ ဆယ်ဗစ္စတာက လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ သူ့ရဲ့ အသင်းဟောင်း နှစ်သင်းက ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးကြောင့် ဆုဖလားတွေ လက်လွှတ်ခဲ့ရတဲ့ အသင်းတွေ ဖြစ်ပြီး မန်ချက်စတာ စီးတီးက ယူနိုက်တက်ကို အနိုင်ယူကာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့သလို အာဆင်နယ်ကို နောက်ကောက်ချကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် အများအပြားကို ခေါ်ယူနေပြီး မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်နဲ့ အိုနာနာတို့ကို ခေါ်ယူထားသလို အာဆင်နယ်ကလည်း ဒီကလန်ရိုက်စ် ၊ တင်းဘား ၊ ကိုင် ဟားဗက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

ကစားသမားသစ်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ယမန်နှစ်ရာသီထက် ကစားသမား အင်အား ပိုမို တောင့်တင်းလာသလို နှစ်သင်းစလုံးက ယခင်ထက် ကစားပုံတွေ ပိုကောင်းလာတာကိုလည်း ရာသီကြို ခြေစမ်းပွဲတွေမှာ မြင်တွေ့နေရပါတယ်။

Photo Credit: Sky Sports

ကစားသမားသစ်တွေ ခေါ်ယူထားနိုင်မှုနဲ့ ခြေစွမ်းပိုင်း တိုးတက်လာမှုတို့ကြောင့်ပဲ ဆယ်ဗစ္စတာက သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်မြင်နေတာပါ။

ဆယ်ဗစ္စတာက – “ကျွန်တော်ကတော့ ရာသီသစ်မှာ အာဆင်နယ်က မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်ကလည်း သူတို့နဲ့ စီးတီးကြားက ကွာဟချက်ကို လျှော့ချနိုင်ပါလိမ့်မယ်။ သူတို့နှစ်သင်းကပဲ စီးတီးကို စိန်ခေါ်နိုင်မှာပါ။ လီဗာပူးကတော့ သူတို့ရဲ့ အခြေအနေတွေကြောင့် ရာသီသစ်မှာ ဘယ်လိုမျိုး စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ မှန်းဆရ ခက်နေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ရာသီသစ်မှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က စီးတီးရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာမယ်လို့ပဲ ခန့်မှန်းချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။