ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘာနာဒို ဆေးလ်ဗားဟာ လာမယ့် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် လိုချင်တာကြောင့် မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဘာနာဒို ဆေးလ်ဗားဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ဆုဖလားများစွာ ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ဒုတိယ ဦးစားပေး ကစားသမား စာရင်းထဲမှာသာ ရှိနေသလို အသင်းဟာ ယခုနှစ် နွေအပြောင်းအရွှေ့မှာ ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ချ်ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနိုင်ကြောင်း နားလည်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဘာနာဒို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက ဘာနာဒို ဆေးလ်ဗားထက် ကစားပုံ ပိုကောင်းကာ အသင်းရဲ့ တိုက်စစ်ပိုင်း အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မယ့် ဂရီးလစ်ချ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူချင်နေတာပါ။ ထို့အပြင် မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက်မှာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ချ်တို့ကို ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်း ဝန်းကျင် သုံးစွဲကာ ခေါ်ယူဖို့ ပြင်ဆင်ထားတာကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းချဖို့ ပြင်ဆင်ထားပြီး အဆိုပါ ကစားသမားတွေထဲမှာ ဘာနာဒို ဆေးလ်ဗားလည်း ပါဝင်ကြောင်း မန်ချက်စတာ စီးတီးအသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ဘာနာဒို ဆေးလ်ဗားဟာ သူ့အနေနဲ့ အသင်းရဲ့ နည်းပြ ဂွာဒီယိုလာရဲ့ ကစားကွက်ထဲမှာ ပုံမှန်နေရာ တနေရာ ရရှိဖို့ ခက်ခဲကြောင်း နားလည်ထားတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသလို စပိန်အင်အားကြီး အသင်းတွေ ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း သိရပါတယ်။ မန်ချက်စတာ စီးတီးအသင်း ကတော့ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၄နှစ် အထိ ကျန်ရှိနေသေးတဲ့ ဘာနာဒို ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပြင်သစ် တောင်ပံ ကစားသမား အူစမာနီ ဒမ်ဘီလီကို အလိုက်ပေးပြီး ဘာနာဒို ဆေးလ်ဗားကို ကမ်းလှမ်းနိုင်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။