မကြာသေးမီကမှ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကြောင့် ကစားသမား ဘဝ ကနေ အနားယူခဲ့တဲ့ စပိန်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ဂန္တဝင် ကစားသမား ဒေးဗစ် ဆေးလ်ဗားက လက်ရှိမှာ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးကို ယှဉ်နိုင်တဲ့ အသင်းဟာ အာဆင်နယ် တသင်းထဲသာ ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် စပိန်လက်ရွေးစင် ကစားသမားဟောင်း ဒေးဗစ် ဆေးလ်ဗားက မန်ချက်စတာ စီးတီးမှာ ဆယ်စုနှစ် တစုကြာ ကစားခဲ့သူ ဖြစ်ပြီး သူက စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၄ကြိမ် ၊ အက်ဖ်အေဖလား ၂ကြိမ် ၊ လိဂ်ဖလား (ကာရာဘောင်းဖလား) ၅ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ကြိမ် စုစုပေါင်း ဆုဖလား ၁၄လုံး အထိ ရယူနိုင်ခဲ့သူပါ။

Photo Credit: Goal

၂၀၂၀ခုနှစ်မှာတော့ ဒေးဗစ် ဆေးလ်ဗားက မန်ချက်စတာ စီးတီးကို စွန့်ခွာကာ မွေးရပ်မြေ စပိန်နိုင်ငံရဲ့ နာမည်ကြီးကလပ် တခု ဖြစ်တဲ့ ရီးရဲလ် ဆိုစီဒက်ဆီ ပြောင်းရွှေ့ ကစားခဲ့ပြီး ဆေးလ်ဗားက ဆိုစီဒက်နဲ့အတူ ကိုပါဒယ်ရေးဖလား တလုံး ဆွတ်ခူးနိုင်ခဲ့သလို ဆိုစီဒက်မှာပဲ သူ့ရဲ့ ကစားသမား ဘဝကို အဆုံးသတ်ခဲ့ပါတယ်။

တဖက်မှာတော့ ဆေးလ်ဗားရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ အားလုံးကို တပြိုင်ထဲ ရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ဥရောပစူပါဖလားကို သိမ်းပိုက်ထားနိုင်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: MEN

မန်ချက်စတာ စီးတီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ခြေစွမ်းတွေကလည်း လျှော့တွက်လို့ မရတာကြောင့် သူတို့အသင်းရဲ့ လိဂ်ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပြီး ဒေးဗစ် ဆေးလ်ဗားကတော့ ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ကြီးအနက် အာဆင်နယ် တသင်းထဲကသာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဒေးဗစ် ဆေးလ်ဗားက – “စီးတီးက ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ထိပ်သီးအသင်း ဖြစ်နေပါပြီ။ ဒီရာသီက ပပ်ရဲ့ စီးတီးနည်းပြဘဝ ၈ရာသီမြောက် ရာသီပါ။ ပပ်က သူ့ရဲ့ စီးတီးနည်းပြဘဝ ပထမဦးဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ရဲ့ အကြောင်းကို ကောင်းကောင်း သိခဲ့သလို အခုဆိုရင် သူတို့က ရပ်တန့်လို့ မရတဲ့ အသင်း ဖြစ်လာပါပြီ။ ကျွန်တော်ကတော့ အာဆင်နယ် တသင်းထဲကပဲ စီးတီးရဲ့ လိဂ်ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်တဲ့အသင်းတွေကတော့ စီးတီးကို စိန်ခေါ်နိုင်စွမ်း မရှိသေးပါဘူး” လို့ သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။