MySport Myanmar

ဘယ်လင်ဟမ်ကို အာဆင်နယ်အသင်းဆီ ခေါ်ယူပေးဖို့ အီဒူးထံ ပြောဆိုသွားမယ့် ဆေးလ်ဗား

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အတော်လေးကို တောက်ပလျက်ရှိနေတဲ့ ဆယ်ကျော်သက် အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာက အလိုရှိနေကြပြီး အာဆင်နယ် ကစားသမားဟောင်းကြီး ဂီဘာတိုဆေးလ်ဗားဟာလည်း ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းပိုင်းတွေကို အလွန် သဘောကျနေတာကြောင့် ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးကို ပြောဆိုသွားမယ်လို့ အာဆင်နယ်ပရိသတ်တွေဆီ ကတိပေးသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်သာ ရှိနေသေးတဲ့ ဒေါ့မွန် ကြယ်ပွင့်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ကမ္ဘာ့ဖလားကြီး မကျင်းပခင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာကတည်းက ဒေါ့မွန်အတွက် အကောင်းဆုံး စွမ်းဆောင်ပြနေသူဖြစ်ပြီး ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်လည်း ဖြစ်နေရပါတယ်။ ဒီလိုဖြစ်နေချိန် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာပါ ဘယ်လင်ဟမ်က ထပ်ပြီး တောက်ပခဲ့ပြန်တာကြောင့် အသင်းတိုင်းရဲ့ စိတ်အာရုံတွေက ဘယ်လင်ဟမ်အပေါ် ရောက်ရှိလာခဲ့ရပါတယ်။ အခုလည်း အာဆင်နယ် ကစားသမားဟောင်းကြီး ဆေးလ်ဗားက ဘယ်လင်ဟမ်ကို သူ့အသင်းဟောင်း ပြောင်းရွှေ့လာနိုင်အောင် အီဒူးနဲ့ ချိတ်ဆက် ပြောဆိုသွားဖို့ ရှိလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘယ်လင်ဟမ်ဟာ အင်္ဂလန်နဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်မှာ အင်္ဂလန်အတွက် အကောင်းဆုံးသော စွမ်းဆောင်တွေ ပြသသွားနိုင်ခဲ့တာကြောင့် သူ့ကို သတင်းမီဒီယာတွေကနေ ဝိုင်းဝန်းထောပနာပြုကြသလို အာဆင်နယ်နဲ့ ဘရာဇီးလ် ကစားသမားဟောင်းကြီး ဂီဘာတိုဆေးလ်ဗားကလည်း “ဘယ်လင်ဟမ်က သူ့ကို တစ်စုံတစ်ယောက်ဆီ သတိရသွားစေတယ်”ဆိုပြီး သူ့တွစ်တာမှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ ဆေးလ်ဗားရဲ့ ဒီလို ရေးသားမှုနဲ့ ပတ်သတ်ပြီး အာဆင်နယ် ပရိသတ်တွေက ဘယ်လင်ဟမ် အာဆင်နယ်အသင်းဆီ ရောက်လာနိုင်ဖို့အတွက် ဆေးလ်ဗားဘက်က အီဒူးနဲ့ ပြောဆိုမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ရာ ဆေးလ်ဗားက လက်ခံတယ်ဆိုတဲ့ ပုံစံမျိုး ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ဘောလုံးသမားဘဝကနေ အနားယူပြီး ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်အပါအဝင် ကစားသမားတချို့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဂီဘာတိုဆေးလ်ဗားဟာ ဘယ်လင်ဟမ်ကို အလွန်သဘောကျနေသူလည်းဖြစ်ပြီး ဒီချာတိတ်လေးက တစ်နေ့ကျရင် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ရမယ်လို့ပါ ဖော်ပြထားခဲ့ပါသေးတယ်။

Exit mobile version