ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ရဲ့ နည်းပြချုပ် ဖြစ်သူ မာကို ဆေးလ်ဗားက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ အဓိပ္ပါယ် မရှိတဲ့ ပင်နယ်တီကြောင့် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနဲ့ ဖူလ်ဟမ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက တတ်နိုင်သမျှ အကောင်းဆုံး လူစာရင်းတွေကို ထုတ်ကာ ယှဉ်ပြိုင်ခဲ့ကြတာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ နှစ်သင်းစလုံးက လျင်မြန်မှုကို အသားပေးကာ ကစားခဲ့တာကြောင့် ပရိသတ်တွေ အတွက် ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့တဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပြီး အိမ်ရှင် လီဗာပူးရဲ့ တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၃၉မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အဓိက တိုက်စစ်မှူး ဆာလာက အမှားအယွင်း မရှိ ကန်သွင်းကာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဖူလ်ဟမ်နောက်ခံလူ ဒီအော့ပ်က ဘောလုံးပေးပို့ဖို့ ကြိုးစားမှုကို လီဗာပူး တိုက်စစ်မှူး ဒါဝင် နူနက်ဇ် တယောက် ပြေးဝင်ကာ ပိတ်ဖို့ ကြိုးစားခဲ့ပြီး ဒီအော့ပ်က ဘောလုံးအစား နူနက်ဇ်ရဲ့ ခြေထောက်ကို ကန်ခဲ့မိရာ ကနေ လီဗာပူးတို့ ပင်နယ်တီ ရရှိခဲ့တာ ဖြစ်ကာ ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားကတော့ ဒိုင်လူကြီးရဲ့ မျက်နှာလိုက်မှုကြောင့်သာ လီဗာပူးဟာ ပင်နယ်တီ ရရှိခဲ့တာပါလို့ ပွဲပြီးဆုံးချိန်မှာ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Team Talk

မာကို ဆေးလ်ဗားက – “သူတို့တွေ သွင်းသွားတဲ့ ဂိုးက အတော်လေး ရှက်စရာ ကောင်းပါတယ်။ ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ ပင်နယ်တီက ဘယ်လိုမှ မဖြစ်သင့်တဲ့ ပင်နယ်တီပါ။ VARကလည်း အဲ့ဒီ ပင်နယ်တီကို ပြန်ပြီး မပယ်ဖျက်ပေးခဲ့ပါဘူး။ ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်ကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျွန်တော်က အဲ့ဒီ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ဒီထက်တော့ ပိုမပြောနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီထက် ပိုပြောမိရင် ကျွန်တော်ပဲ ဒုက္ခရောက်မှာမို့လို့ပါ” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။