ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ ပွဲမှာ ဒီရာသီရဲ့ ပထမဦးဆုံး အမှတ်ပေးရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် ကွင်းလယ်ဒိုင်ရဲ့ မတည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူတို့အသင်းဟာ နစ်နာခဲ့ရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် လီဗာပူးက ကစားကွက်ပိုင်း အသာစီး မရခဲ့ပေမယ့် တန်ပြန်တိုက်စစ် ကနေ တဆင့် အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ သွင်းယူပေးခဲ့တဲ့ တလုံးထဲသော သွင်းဂိုးနဲ့ပွဲကို အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Daily Mail

လီဗာပူး ၁-၀ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ဧည့်သည် မန်ချက်စတာ စီးတီးက ကစားကွက်ပိုင်း အရ အနည်းငယ် အသာစီး ရခဲ့ပေမယ့် ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို အကောင်းဆုံး အသုံးမချနိုင်မှု ၊ လီဗာပူး ဂိုးသမား အယ်လီဆန်ရဲ့ အံ့မခန်း စွမ်းဆောင်ရည်နဲ့ ဖိုဒန်ရဲ့ သွင်းဂိုး ပယ်ဖျက်ခံရမှုတို့ကြောင့် သွင်းဂိုး တဂိုးတောင် ပြန်လည် သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ အဝေးကွင်း ကနေ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။

အဆိုပါပွဲစဉ်မှာ ဧည့်သည် မန်ချက်စတာ စီးတီးက လူငယ်ကြယ်ပွင့် ဖိုဒန်ရဲ့ ဒုတိယပိုင်းအစ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ကစားနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်တိုနီ တေလာက ဖိုဒန်ရဲ့ သွင်းဂိုးမှာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းဟာ လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယူဆတာကြောင့် ဖိုဒန်ရဲ့ သွင်းဂိုးကို ခွင့်မပြုပေးခဲ့ပါဘူး။

Photo Credit: Daily Mail

မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကတော့ အန်တိုနီ တေလာရဲ့ အဆိုပါ ဆုံးဖြတ်ချက်အပေါ် အတော်လေး စိတ်ပျက်နေကြပြီး ဘာနာဒို ဆေးလ်ဗားကလည်း တေလာဟာ ပွဲရဲ့ အရှိန်ကြောင့် တပွဲလုံးမှာ အပျော့စား ပြစ်ဒဏ်ကျူးလွန်မှုတွေကို ခွင့်ပြုပေးခဲ့ပြီးမှ သူတို့အသင်းရဲ့ သွင်းဂိုးကို အပျော့စား ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပယ်ဖျက်လိုက်တယ်လို့ အကြောင်းပြတာက ဘယ်လိုမှ လက်သင့်ခံစရာ မရှိကြောင်း ဆိုလာပါတယ်။

ဘာနာဒို ဆေးလ်ဗားက – “ကျွန်တော်တို့ လိုချင်တဲ့ အရာတခုက ကွင်းလယ်ဒိုင်ရဲ့ တန်းတူညီမျှတဲ့ ဆုံးဖြတ်ချက်တွေပါ။ ကွင်းလယ်ဒိုင်က တပွဲလုံးမှာ အပျော့စား ပြစ်ဒဏ်ကျူးလွန်မှုတွေကို ခွင့်ပြုပေးခဲ့ပြီးရင် တပွဲလုံး အဲ့ဒီအတိုင်းပဲ ဆက်လက် ဆုံးဖြတ်သင့်ပါတယ်။ ခင်ဗျားက အပျော့စား ပြစ်ဒဏ်ကျူးလွန်မှုတွေ အားလုံးကို ပြစ်ဒဏ်ဘောလို့ သတ်မှတ်ရင် တပွဲလုံးမှာလည်း အဲ့ဒီလိုပဲ သတ်မှတ်လေ။ ဒီလိုဆိုရင် ကျွန်တော်က လက်ခံပါတယ်။ တပွဲလုံးမှာ အပျော့စား ပြစ်ဒဏ်ကျူးလွန်မှုတွေကို ခွင့်ပြုပေးထားပြီးမှ ဂိုးလည်းသွင်းရော ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်လိုက်တယ် ဆိုတာက ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူး။ ကွင်းလယ်ဒိုင် တယောက်အနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ ပြောင်းလဲပစ်လို့ မရပါဘူး။ ကျွန်တော့်အတွက် ဖိုဒန်ရဲ့ သွင်းဂိုးက မဖြစ်မနေ ခွင့်ပြုပေးရမယ့် သွင်းဂိုးပါ” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။