ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗား ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ဆားဘီးယားအသင်းကို ရှုံးနိမ့်ပြီး တိုက်ရိုက်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ပေါ်တူဂီ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် အဖြစ် အုပ်စု ဒုတိယနေရာက ဆားဘီးယားအသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပြီး အဆိုပါပွဲစဉ်မှာ သရေတမှတ် ရရှိရုံနဲ့ ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့် ရရှိမှာ ဖြစ်ပေမယ့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်သွားတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် ရှုံးထွက်အဆင့်ကို ယှဉ်ပြိုင် ကစားရတော့မှာပါ။

Photo Credit: Be Soccer

အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် ပေါ်တူဂီအသင်းဟာ အဆိုပါပွဲစဉ်ကို အနိုင်ယူဖို့ အတွက် အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ကွင်းလယ်လူ ဆန်းချက်က ပွဲကစားချိန် ၂မိနစ်မှာပဲ သွင်းယူပေးခဲ့ပါတယ်။

ဦးဆောင်ဂိုး ရရှိပြီးနောက် ပေါ်တူဂီအသင်းရဲ့ ခြေစွမ်းပိုင်းက ကျစ်လျစ်မှု လျော့ရဲသွားခဲ့ပြီး နိုင်မှ ဖြစ်မယ့် ဆားဘီးယားအသင်းရဲ့ တုံ့ပြန် ကစားအားကြောင့် နောက်ထပ် သွင်းဂိုးတွေ ဆက်လက် သွင်းယူနိုင်ဖို့ ခက်ခဲခဲ့သလို ပွဲကစားချိန် ၃၃မိနစ်မှာပဲ တာဒစ်ရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရကာ ပွဲကစားချိန် မိနစ် ၉၀မှာတော့ မီထရိုဗစ်ရဲ့ အနိုင်ဂိုးကို ထပ်မံ ခွင့်ပြုခဲ့ရပါတယ်။

Photo Credit: Be Soccer

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ပေါ်တူဂီအသင်းရဲ့ ကစားသမား အများစုဟာ အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပြီး ဆားဘီးယားနဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား အနည်းစုထဲမှာ ပါဝင်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗား ကတော့ သူတို့ရဲ့ ရှုံးပွဲအတွက် ဆင်ခြေပေးစရာ မရှိကြောင်းနဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားက – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အတော်လေး ဆိုးရွားခဲ့ပါတယ်။ ကျွန်တော်တို့က စောစောစီးစီးပဲ သွင်းဂိုး ၁ဂိုး ရခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ ကစားပုံ လျော့တိလျော့ရဲ ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲအတွက် ဆင်ခြေပေးစရာလည်း မရှိပါဘူး။ ကျွန်တော်တို့တွေ ဒီနေ့မှာ ကစားခဲ့တဲ့ ကစားပုံထက် ပိုပြီးကောင်းအောင် ကစားခဲ့သင့်တာပါ။ အခု ကျွန်တော်တို့မှာ ရှုံးထွက်အဆင့် ကျန်ပါသေးတယ်။ ရှုံးထွက်အဆင့်မှာတော့ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားရပါမယ်။ ကျွန်တော်တို့တွေ ပရိသတ် ၆၅၀၀၀ အရှေ့မှာ ကစားခဲ့တဲ့ ဒီနေ့ပွဲမှာ ရလဒ်ကောင်း တခုကို ရခဲ့သင့်တာပါ။ ကျွန်တော် ပရိသတ်တွေ အားလုံးကို တောင်းပန်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့လိုမျိုး ဆိုးဝါးတဲ့ ပွဲစဉ်မျိုးက သူတို့နဲ့ မထိုက်တန်လို့ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။