မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရိုင်ယန် ဂစ်ကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ ဂျက် ဂရစ်လစ်ချ်ကို ခေါ်ယူနိုင်မယ် ဆိုရင်တောင် မြို့ခံပြိင်ဘက် မန်စီးတီးအသင်းကို အမှီလိုက်ဖို့ ကစားသမား (၃) ဦး ဒါမှမဟုတ် (၄) ဦး လိုသေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်ထက်မှာ အသင်းရဲ့ နောက်တန်း နဲ့ ကွင်းလယ်ကို အားဖြည့်နိုင်ခဲ့ပြီးပြီ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ရှေ့တန်းကို ဆက်လက် အားဖြည့်ဖို့ လိုနေပြီး လက်ရှိမှာတော့ ဂရစ်လစ်ချ်၊ ဆန်ချို နဲ့ ဗန်ဒီဘက်ခ်တို့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ မနေ့ညက စပါးအသင်းနဲ့ ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ (၁-၁) သရေကျ ကစားခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၂) ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကောင်းကို ဆက်လက် ရရှိခဲ့ပြီး ကစားသမားတွေရဲ့ ခြေစွမ်းက ထက်မြက်နေခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းရဲ့ ရှေ့တန်းမှာ ကစားကြတဲ့ မာရှယ်၊ ရက်ချ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့လို ကစားသမားကောင်းတွေ ရှိနေကြပေမယ့်လည်း မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရိုင်ယန် ဂစ်က မန်ယူအသင်းအနေနဲ့ ကွင်းလယ် တိုက်စစ် ကစားသမား လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ရိုင်ယန် ဂစ်က “ကျွန်တော် ပြောချင်တာက တကယ်လို့ အရည်အချင်းရှိတဲ့ ကစားသမားတွေကို ခေါ်ယူလို့ ရမယ်ဆိုရင် မန်ယူအသင်းက စိတ်ဝင်စားမှာ သေချာပါတယ်။ ဂရစ်လစ်ချ်က မန်ယူအသင်းရဲ့ ကစားသမားနဲ့ တူပါတယ်။ သူက ဘောလုံးကို လုယူနိုင်တယ်။ သူက ပြစ်ဒဏ်ဘော ရရှိအောင် ပြုလုပ်နိုင်တယ်။ မန်ယူအသင်းအနေနဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးလိုအပ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ တကယ်လို့ အသင်းက ကြိုးစားပြီး ကစားကြမယ် ဆိုရင် ခေါ်ယူသင့်တဲ့ ကစားသမားကလည်း ကြိုးစားပြီး သွင်းဂိုး (၂၅) ဂိုး သွင်းနိုင်သူ ဖြစ်ရမယ်။ တကယ်လို့ မန်ယူအသင်းက မန်စီးတီးအသင်းကို မှီနိုင်ပြီ ဆိုရင်တောင်မှ ကစားသမား (၄) ဦး ဒါမှမဟုတ် (၅) ဦး အားနည်းနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားပါတယ်။