မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ယာယာတိုရေးကတော့ သူနောက်ဆုံးပါဝင်ကစားခဲ့တဲ့ ဂရိစူပါလိဂ်ကလပ် အိုလံပီယာကော့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် တရုတ်လိဂ်ဝမ်းကလပ် Qingdao Huanghai အသင်းမှာ ကျင်လည်နေခဲ့ရတဲ့ ပရိသတ်မျက်စိရှေ့ကနေလည်း ပျောက်ကွက်နေခဲ့ရာကနေ အခုတော့ အင်္ဂလန်လိဂ်တူးကလပ်အသင်းတစ်သင်းဖြစ်တဲ့ လေတန်အိုရီးယန့်အသင်းရဲ့ ဝတ်စုံနဲ့ မြင်တွေ့လိုက်ရတာကြောင့် အသင်းရဲ့ပရိသတ်တွေကို အရမ်းကိုစိတ်လှုပ်ရှားသွားစေခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၇)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားကြီး ယာယာတိုရေးဟာ မန်စီးတီးအသင်းရဲ့ Legend ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်လို့ မန်စီးတီးအသင်းပရိသတ်တွေရဲ့ အချစ်တော်ကြီးတစ်ယောက်အဖြစ်ပါ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ယာယာတိုရေးဟာ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ အိုလံပီယာကော့စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ စာချုပ်ဖျက်သိမ်းခဲ့သလို အခုတော့ တရုတ်မှာ ပါဝင်ကစားလျက်ရှိနေပါတယ်။

Photo Credit : Sky Sports

တိုရေးက မကြာသေးခင်ကပဲ Qingdao Huanghai အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ ဖြစ်လို့နေခဲ့ကာ အခုဒီရက်ပိုင်းလေးအတွင်းမှာပဲ အင်္ဂလန်လိဂ်ဝမ်းကလပ် လေတန်အိုရီးယန့်အသင်းရဲ့လေ့ကျင့်ရေးဝတ်စုံနဲ့အတူ လေတန်အသင်းနဲ့ လေ့ကျင်းခန်းဆင်းနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာ ဒီအသင်းရဲ့ပရိသတ်တွေက စိတ်လှုပ်ရှားသွားခဲ့ကာ တိုရေးကို ခေါ်ယူနိုင်ဖို့အထိပါ အသင်းကို တောင်းဆိုလာခဲ့ပါတယ်။ တိုရေးလို ပရီးမီးယားလိဂ်ဖလား(၃)ကြိမ် ၊ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်နဲ့ အာဖရိကဖလားချန်ပီယံ(၁)ကြိမ် ရရှိထားခဲ့တဲ့ ဂန္တဝင်ကစားသမားတစ်ယောက်က သူတို့အသင်းရဲ့ဝတ်စုံနဲ့ သူတို့အသင်းဆီမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ပုံရိပ်တွေကို မြင်တွေ့လိုက်ရတဲ့ လေတန်အိုရီးယန့်အသင်း ပရိသတ်တွေကတော့ အတော်လေးကို ဝမ်းမြောက်လျက်ရှိနေပေမယ့် တိုရေးက လက်ရှိ လန်ဒန်မြို့မှာ နေထိုင်နေတာဖြစ်ပြီး အင်္ဂလန်နိုင်ငံပြင်ပနေရာတစ်ခုကို ခရီးထွက်ဖို့ မလွယ်ကူတဲ့ လက်ရှိအခြေအနေတွေကြောင့် လန်ဒန်အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ လေတန်အိုရီးယန့်အသင်းမှာပဲ လေ့ကျင့်ခန်းဆင်းမှုတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ သတင်းတချို့ကနေလည်း ဖော်ပြလာခဲ့ပါတယ်။