စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆီမြွန်နီကတော့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ သူတို့အသင်းက လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးအသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တာဟာ ကံကောင်းမှုကြောင့် မဟုတ်ဘူးလို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှ ထိပ်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အက်သလက်တီကိုအသင်း ဟာ ပထမအကျော့အဖြစ် အိမ်ကွင်းမှာ ကစားခဲ့ရချိန်မှာ လီဗာပူးအသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒုတိယအကျော့အဖြစ် လီဗာပူးအသင်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရစဉ်မှာလည်း သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ထပ်မံ နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း နိုင်ခဲ့တာပါ။

Photo Credit: Standard.com

မတ်လအတွင်းမှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ် အသင်းဟာ လီဗာပူးအသင်းကို အသာစီးရဖို့ အတွက် ရုန်းကန်ခဲ့ရပြီး သာမန် ပွဲကစားချိန် မိနစ် ၉၀ပြည့်တဲ့အချိန်မှာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေခဲ့သလို အချိန်ပို မိနစ်၃၀ ကစားခဲ့ရာမှာလည်း လီဗာပူးအသင်းကို ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံခွင့်ပြုခဲ့ရပါတယ်။ ဒါ့ကြောင့် လီဗာပူးအသင်းဟာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပြီလို့ အားလုံးက ယူဆခဲ့ကြပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်း ဟာ အံ့အားသင့်စရာ ကောင်းလောက်အောင်ကိုပဲ ချေပဂိုး နှစ်ဂိုးအပြင် အနိုင်ဂိုး တစ်ဂိုးပါ ထပ်မံ သွင်းယူနိုင်ခဲ့ကာ ပွဲပြီးဆုံးချိန်မှာတော့ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ နိုင်ပွ​ဲ ရရှိခဲ့ပါတယ်။

Photo Credit: Standard.com

အဆိုပါပွဲစဉ်နဲ့ ပတ်သတ်ပြီး လူအများစုက အက်သလက်တီကို မက်ဒရစ်အသင်းဟာ ကံကြမ္မာရဲ့ ဖေးမမှုကို ရရှိခဲ့တာလို့ ဆိုနေကြပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆီမြွန်နီကတော့ အဆိုပါအချက်ကို လက်သင့်မခံခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ဆီမြွန်နီ က ” ဘောလုံးကစားနည်းဟာ လက်ဝှေ့လိုပါပဲ။ ခင်ဗျားက ဘယ်အချိန်မှာ တိုက်စစ်ဆင်ရမလဲဆိုတာ သိနေရပါမယ်။ လီဗာပူးဟာ အရမ်း ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ကို ဘယ်လို နာကျင်အောင် လုပ်ရမလဲဆိုတာ သိပါတယ်။ တချို့က​တော့ ကျွန်တော်တို့ဟာ ကံကောင်းလွန်းလို့ နိုင်ခဲ့တယ်လို့ ထင်ကြပါတယ်။ ၂ဂိုးနဲ့ ရှုံးနိမ့်ပြီးမှ ၃ဂိုးပြန်သွင်းခဲ့တာကို သူတို့က ကံကောင်းတာလို့ ယူဆနေကြပါတယ်။ ဒါဟာ ကံကောင်းမှုတစ်ခု မဟုတ်ပါဘူး။ ကစားပွ​ဲ တစ်ခုရဲ့ တန်ဖိုးပါ ” လို့ တုံ့ပြန် ပြောဆိုသွားခဲ့တာပါ။