မနေ့ညက ကျင်းပသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဧည့်သည်ဖူလ်ဟမ်က ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ လူငယ်တိုက်စစ်မှူးလေး အက်ဒီအန်ခီတာယက်က အာဆင်နယ်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ကွင်းအမ်းမရိတ်မှာ ရှုံးပွဲကြုံတွေ့နိုင်မယ့် အခြေအနေကနေ ကပ်သီးလေး လွတ်မြောက်ခဲ့ရပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ လန်ဒန်မြို့ခံ ဖူလ်ဟမ်အသင်းကို ဧည့်ခံကစားရချိန်တိုင်း လုံးဝမရှုံးအောင် ကစားထားနိုင်ခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ ရှုံးပွဲတွေ့ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီးမှ နောက်ကျသွင်းဂိုးကြောင့် တစ်မှတ်ခွဲယူလိုက်နိုင်တာဖြစ်ပါတယ်။ အခုလို တန်းဆင်းဇုန်ထဲက အသင်းတစ်သင်းကို သရေတစ်မှတ်ရအောင် ကြိုးပမ်းကစားသွားခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး Sky Sports ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်နေတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရွိုင်ကိန်းက “ဒါက ကြောက်မက်ဖွယ်ရာပါပဲ။ ဘာ အရည်အချင်းမှလည်း မရှိ ဘာဆုံးဖြတ်ချက်မှလည်း မချမှတ်နိုင်။ ကစားသမားတိုင်းက ကစားပုံတိုင်း မကစားနိုင်ပဲ ဘောလုံးတွေကိုပဲ ကန်ထုတ်နေကြတယ်။ ကစားသမားတွေက မှားယွင်းတဲ့ဘက်ကိုပဲ ဘောလုံးတွေ ကန်ထုတ်နေကြတယ်။ တကယ့်ကို စိတ်ပျက်ဖွယ်ရာပါ။ ဖူလ်ဟမ်ကလည်း ဒီပွဲမှာ တစ်မှတ်ထက် ပိုရထိုက်သင့်တယ်လို့ ကျွန်တော်ကတော့ မထင်မိပါဘူး။ သူတို့ကစားတာကလည်း အရမ်းကို ဆိုးရွှားခဲ့ပါတယ်။ သူတို့က တန်းမဆင်းရအောင်သာ တိုက်ပွဲဝင်နေရတာ။ ဒါပေမယ့် အသင်း(၂)သင်းလုံးရဲ့ အရည်အချင်းမရှိလှတဲ့ ကစားပုံတွေက တကယ်ကို ဆိုးရွှားလွန်းပါတယ်။ အာဆင်နယ်က ပိုလို့တောင် ဆိုးနေပါသေးတယ်။ ဘုရားရှင်က ကယ်တင်လိုက်လို့သာ အာဆင်နယ် အသက်ရှုချောင်သွားရတာ။ ကျွန်တော်ကတော့ အာဆင်နယ်အသင်းအနေနဲ့ အရည်အချင်းတွေ လျော့နည်းနေတယ်လို့ပဲ ထင်မိပါတယ်”လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာမှာ ရပ်တည်လို့နေပြီး အဆင့်(၈)နေရာက အဲဗာတန်အသင်းနဲ့ (၃)မှတ်ပဲ ကွာဟနေတာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေသလို ယူရိုပါလိဂ်လမ်းကြောင်းကနေလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။