စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းဟာ တကယ့်ကို အဆုံးသတ်ကောင်းလှတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ဦးဆိုတာကို သူရဲ့သွင်းဂိုးတွေနဲ့ သက်သေပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာဆိုရင်လည်း ဂိုးသွင်းအများဆုံးဆုရော ဂိိုးဖန်တီးမှုအများဆုံးဆုကိုပါ ပူးတွဲပိုင်ဆိုင်ရခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကိန်းဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့စွမ်းဆောင်ရည်တွေက အဖက်ဖက်မှာ အလွန်ကျဆင်းလျက် ရှိနေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်၊

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှုာ သွင်းဂိုး(၂၃)ဂိုးနဲ့ ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့အပြင် ကစားသမားဘဝအတွင်း တစ်ခါမှ မစွမ်းဆောင်ဖူးသေးတဲ့ ဂိုးဖန်တီးမှုအပိုင်းမှာပါ (၁၄)ကြိမ် ဖန်တီးပေးနိုင်ခဲ့လို့ Assists King အဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အသင်းဖော် ဆွန်ဟောင်မင်နဲ့တွဲဖက်ပြီး စပါးရဲ့တိုက်စစ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ကိန်းဟာ ပြီးခဲ့တဲ့ရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲ ကစားအပြီးမှာ သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၈)ကြိမ်အထိပါ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ လိဂ်ပွဲ(၈)ပွဲ ကစားလို့အပြီးမှာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး တစ်ဂိုးတည်းသာ ရှိလို့နေရတဲ့အပြင် ဂိုးဖန်တီးမှုကလည်း (၁)ကြိမ်အထိကို သိသိသာသာ ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ဘောလုံးရာသီက ဂိုးကန်ချက်ပေါင်း (၃၈)ကြိမ်မှာ ဂိုးပေါက်တည့်မှု (၁၅)ကြိမ်ရှိခဲ့ပြီး အဲ့ဒီကနေ (၇)ဂိုးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ဂိုးကန်ချက် (၁၈)ကြိမ်မှာ (၁၀)ကြိမ်ထိတောင် ဂိုးပေါက်တည့်ခဲ့ရပေမယ့်လည်း အဲ့ဒီကနေ သွင်းဂိုးက (၁)ဂိုးလေးသာ ပြန်ရလာခဲ့ပါတယ်။ ဒါ့အပြင် အခွင့်အရေး ဖန်တီးမှုအပိုင်းမှာလည်း သိသိသာသာ ထိုးကျသွားခဲ့တဲ့ ကိန်းရဲ့စွမ်းဆောင်ရည်တွေ အခုလို ကျဆင်းလာရခြင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်နိုင်ခဲ့မှုနဲ့ ပတ်သတ်ဆက်နွယ်နေနိုင်သလို ဒါက ကိန်းရဲ့စိတ်ဓါတ်ကိုလည်း ထိခိုက်မှု အနည်းနဲ့အများ ဖြစ်စေခဲ့ရပါတယ်။ နောက်ပြီး ရာသီအစမှာ စပါးအသင်းဘက်က နည်းပြအပြောင်းအလဲ ဖြစ်ထားခြင်းကလည်း ကိန်းရဲ့စွမ်းဆောင်ရည် ကျဆင်းမှုနဲ့ သက်ဆိုင်နေနိုင်ပြီး လက်ရှိမှာတော့ ကိန်းရဲ့အသင်းဖော် ဆွန်ဟောင်မင်က အသင်းရဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦး ဖြစ်နေခဲ့ရပါတယ်။