ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ တင်ရှားဝုဒ်ကတော့ ယခုနှစ် ဘောလုံးရာသီ အစမှာ လာလီဂါနဲ့ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် ကတ်စ်မဲရိုးနဲ့ ပတ်သတ်ပြီး သူ ပြောခဲ့တဲ့ စကားတွေ မှားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Mirror

ကတ်စ်မဲရိုးရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က လက်ရှိ ဥရောပတိုက်မှာ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတာကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ ယူရိုပါလိဂ်သာ ဝင်ခွင့် ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့မှု အတွက် တင်ရှားဝုဒ် အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူ အများစုက ကတ်စ်မဲရိုးဟာ ငွေမက်လို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာလို့ ထင်မြင်ချက်တွေ ပေးခဲ့ကြပါတယ်။

ဒါပေမယ့် ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာဟာ ငွေကြေး တခုထဲကြောင့် မဟုတ်ကြောင်းကို သူ့ရဲ့ လုပ်အားနှုန်း ၊ ခြေစွမ်း ၊ ဦးဆောင်မှုတို့နဲ့ အတူ သက်သေပြခဲ့ပြီး ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ကို ကာရာဘောင်းဖလား ရရှိအောင်လည်း ကူညီပေးထားနိုင်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ကတ်စ်မဲရိုးကို ငွေမက်သူလို့ ဝေဖန်ခဲ့ကြတဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေက လက်ရှိမှာ သူတို့ရဲ့ စကားတွေ အတွက် တောင်းပန်စကားတွေ အသီးသီး ပြောနေကြကာ တင်ရှားဝုဒ်ကလည်း ကတ်စ်မဲရိုးနဲ့ ပတ်သတ်ပြီး သူ့ရဲ့ စကားတွေ ၊ ထင်မြင် ယူဆချက်တွေ မှားယွင်းခဲ့ကြောင်း ဆိုလာပါတယ်။

တင်ရှားဝုဒ်က – “ကတ်စ်မဲရိုး တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတဲ့ အချိန်မှာ ကျွန်တော်က သူဟာ ပိုက်ဆံအိတ်ထဲ ငွေတွေ ဖြည့်ဖို့ ယူနိုက်တက်ဆီ ပြောင်းလာတာလို့ပဲ တွေးမိခဲ့တာပါ။ သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားတွေ အားလုံးကို ရယူပြီးပြီလေ။ ဒီတော့ သူ့မှာ ဆုဖလားတွေကို ဆာလောင်တဲ့စိတ် မရှိလောက်တော့ဘူးလို့ ထင်ခဲ့မိပါတယ်။ ကျွန်တော့်ရဲ့ ယူဆချက်တွေ ၊ စကားတွေက လုံးဝ လုံးဝကို မှားခဲ့တာပါ။ ကတ်စ်မဲရိုးက စတမ်းဖို့ ဘရေ့ချ်မှာ ချေပဂိုး သွင်းလိုက်တဲ့ အချိန်မှာပဲ ကျွန်တော်က သူဟာ ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဆိုတာ သိလိုက်ပါတယ်။ ကတ်စ်မဲရိုးက တကယ်ကို ကောင်းတဲ့ ကစားသမားပါ။ သူက တဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေ ၊ အန္တရာယ်များတဲ့ ကစားအားတွေ အားလုံးကို ဖျက်ဆီးပစ်နိုင်သလို တဖက်မှာလည်း အသင်းရဲ့ ကစားကွက် ပိုကောင်းလာအောင် ကူညီပေးနိုင်သူပါ။ သူ့ရဲ့ အသက်အရွယ်မှာ ဒီလို ဆာလောင်စိတ် ၊ ဒီလို ခြေစွမ်းမျိုးတွေ မြင်နေရတဲ့ အတွက် သူ့ကို ချီးကျူးသင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။