MySport Myanmar

ပေါ့ဘာနေရာမှာ ရိုက်စ်နဲ့ အစားထိုးဖို့ ယူနိုက်တက်ကို အကြံပြုလိုက်တဲ့ ရှာရင်ဂမ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး တက်ဒီရှာရင်ဂမ်က သူရဲ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုလိုက်ရတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့နေရာမှာ ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နဲ့ ပြန်လည်အစားထိုးသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Post

အသက်(၂၉)နှစ်အရွှယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာဖြစ်လို့ အသင်းကနေ ဒုတိယအကြိမ် ထပ်မံထွက်ခွာခဲ့တာဖြစ်ပြီး သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်သွားဖို့ အနီးစပ်ဆုံး ဖြစ်နေရပါတယ်။ ပေါ့ဘာနဲ့အတူ နောက်ထပ် ကွင်းလယ်လူတွေဖြစ်တဲ့ မာတာ လင်ဂတ်နဲ့ မာတစ်တို့ပါ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး ကစားသမားဟောင်းကြီး ရှာရင်ဂမ်ကတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့ အသင်းကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Express

ရှာရင်ဂမ်က “ဝက်စ်ဟမ်းအနေနဲ့ ဒက်ကလန်ကို အသင်းမှာ ဆက်ထိန်းထားဖို့က ခက်ခဲလိမ့်မယ်။ ဝက်စ်ဟမ်းအသင်း ပရိသတ်တွေကိုလည်း ဒက်ကလန်က လက်ရှိအချိန်မှာ ကမာ္ဘ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော် သူ့ကို မြင့်မြင့်မားမားပဲ အဆင့်သတ်မှတ်ထားပါတယ်။ သူ့မှာက ကွင်းလယ်ဗဟို ကစားသမားတစ်ယောက်အတွက် လိုအပ်နေတဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားတယ်။ သူက ပွဲကို နားလည်တယ်။ အရှိန်ကောင်းကောင်းနဲ့ ကစားနိုင်တယ်။ ဘောလုံးကို ထိန်းချုပ်နိုင်တယ်။ ဘောလုံးပေးပို့မှုကောင်းတယ်။ ဖြတ်ထုတ်မှုကောင်းကောင်းနဲ့ ရှေ့ဆက်သွားနိုင်တတ်တယ်။ သူက ကွင်းလယ်မှာ စတီဗင်ဂျရတ်လို ထင်ပေါ်မှုမျိုး ပိုင်ဆိုင်ထားသူပါ။ ဒါကြောင့် ဒက်ကလန်က ပေါ့ဘာရဲ့ ကွက်လပ်ကို ကောင်းကောင်း အစားဝင်နိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လက်ရှိ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နေလို့ပါ။ ပေါ့ဘာကလည်း အရည်အသွေးရှိတဲ့သူ ဆိုပေမယ့်လည်း သူက အသင်းဖော်တွေကို မလှုံဆော်ပေးနိုင်ဘူး။ တွန်းအားမပေးနိုင်ဘူး။ ဒါမျိုးတွေက ဒက်ကလန် စွမ်းဆောင်နိုင်တဲ့အရာတွေပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကလည်း ရိုက်စ်ကို ပစ်မှတ်ထားခဲ့ပေမယ့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်ကတော့ သူရဲ့ကစားသမားကို ပေါင်သန်း(၁၅၀)ထိ ပစ်မှတ်ထားခဲ့တာဖြစ်လို့ ခေါ်ယူဖို့က ခဲယဉ်းနိုင်ပါတယ်။

Exit mobile version